The network connection is lost.

Banner Image

တန်ဟက်သာ ထွက်ခွာသွားပါက ယူနိုက်တက်သို့ပြန်လာဖို့ အဆင်သင့်ဖြစ်နေခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ အိုးလ်ထရက်ဖို့ဒ်သို့ပြန်လာဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် အသင်းနည်းပြ အဲရစ်တန်ဟက် ရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ပြန်လာနိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ စပိန်သားဟာ အသင်းသစ်သို့ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့သိရပါတယ်။

ဒီဂီယာဟာ တန်ဟက်ရဲ့လက်အောက်မှာ ၁ ရာသီကြာ ကစားခဲ့ပေမယ့် နယ်သာလန်သားက ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် အင်တာမီလန်ဂိုးသမား အန်ဒရေအိုနာနာနဲ့ အစားထိုးခံခဲ့ရပါတယ်။ ယူနိုက်တက်ဘက်ကလည်း ဒီဂီယာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခြင်းမပြုခဲ့တာကြောင့် ၂၀၂၃ နွေရာသီမှာပဲ စပိန်သားဟာ အိုးလ်ထရက်ဖို့ဒ်နဲ့ ၁၂ နှစ်ကြာဆက်ဆံရေးကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ယခုအချိန်မှာတော့ ဒီဂီယာဟာ ကစားသမားဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အသင်းလက်မဲ့ဖြစ်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်တဲ့ ဂိုးသမားတစ်ဦးဖြစ်လာပါတယ်။

အိုနာနာက ယူနိုက်တက်သို့ စရောက်ရောက်ချင်းမှာ အမှားတွေပြုလုပ်ခဲ့ပြီး လက်စွမ်းမပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ဒီဂီယာကို ပြန်လည်တောင့်တခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကင်မရွန်းသားဟာ တည်ငြိမ်တဲ့လက်စွမ်းကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ သတင်းတွေအရ ဒီဂီယာဟာ ဥရောပကလပ်အသင်းကြီးတွေနဲ့ ဆော်ဒီအာရေဗျကလပ်တွေထံမှ ကမ်းလှမ်းမှုတွေရထားပေမယ့် ယူနိုက်တက်သို့သာပြန်သွားဖို့ စိတ်အားထက်သန်ခဲ့ပြီး နည်းပြတန်ဟက်နဲ့ အားကစားဒါရိုက်တာဟောင်း ဂျွန်မာတော့ဖ်ကြောင့်သာ ပြန်မလာနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ၁၉၉၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆိုးဝါးဆုံးရပ်တည်မှုအဖြစ် အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် အားကစားဒါရိုက်တာ ဂျွန်မာတော့ဖ်ကို ထုတ်ပယ်ခဲ့ပြီး တန်ဟက်ကိုသာ ဆက်လက်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဂီယာအနေနဲ့ ကလပ်ကိုပြန်လာနိုင်ဖို့ အခက်ကြုံခဲ့ရပြီး လက်ရှိအချိန်မှာ တစ်ကိုယ်တော်လေ့ကျင့်ရေးတွေပြုလုပ်နေကာ တည်ငြိမ်တဲ့လက်စွမ်းကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်။

အသက်-၃၃ နှစ်အရွယ် ဂိုးသမားကို ဆော်ဒီအာရေဗျ၊ အမေရိကန်နဲ့ အီတလီကလပ်တွေက စိတ်ဝင်စားမှုတွေရှိနေတာကြောင့် မကြာမီမှာပဲ အသင်းသစ်ကို ပြောင်းရွှေ့ဖို့ အလားအလာရှိနေပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်ကတည်းက ယူနိုက်တက်မှာ ကစားခဲ့တဲ့ ဒီဂီယာဟာ ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်မဟုတ်တဲ့ အခြားအသင်းတစ်သင်းကို ရွေးချယ်ဖွယ်ရှိနေပြီး မကြာသေးမီကပဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသင်းသစ်ကို ပြောင်းရွှေ့တော့မယ့်အကြောင်း အရိပ်အမြွက်ဖော်ပြထားပြီးဖြစ်ပါတယ်။