
မန်စီးတီးမှ ဒီဘရိုင်းထွက်ခွာမှုကြောင့် အလွန်အခက်ကြုံနေတဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြသက်တမ်းတလျှောက် ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေအနက် ဒီဘရိုင်းနဲ့လမ်းခွဲရမှုလည်း ပါဝင်လာပြီလို့ ပက်ဂွါဒီယိုလာက ဝန်ခံပြောဆိုခဲ့ပါတယ်။ ပက်ဂွါဒီယိုလာရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို မရရှိထားတဲ့ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားဒီဘရိုင်းက လက်ရှိစာချုပ်သက်တမ်းပြည့်မြောက်မယ့် အခုဘောလုံးရာသီကုန်ဆုံးချိန်မှာ အီတီဟတ်မှ ထွက်ခွာသွားပါလိမ့်မယ်။
အခုသီတင်းပတ်အတွင်း အသက်-၃၃ နှစ်အရွယ်ကစားသမားက မန်စီးတီးနဲ့အတူ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့မှုအပေါ် သက်တမ်းတိုးခွင့်မပေးလို့ စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တာသက်တမ်းကာလကို ပြင်းထန်ဒဏ်ရာများနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ ဒီဘရိုင်းအတွက် ပွဲကစားချိန်တွေ သိသိသာသာဆုံးရှုံးခဲ့ကာ ဘောလုံးပြန်ကစားချိန်မှာလည်း သူ့ရဲ့အကျိုးသက်ရောက်နိုင်စွမ်း လျော့ကျသွားခဲ့ပါတယ်။
အခုတော့ သူက ယာယာတိုရေး၊ အဂူရို၊ ဖာနန်ဒင်ဟို၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ကွန်ပနီတို့လိုပဲ လတ်တလောနှစ်တွေအတွင်း အသင်းမှထွက်ခွာသွားတဲ့ မန်စီးတီးဂန္တဝင်ကစားသမားစာရင်းမှာ ပါဝင်လာပါတော့မယ်။ ဒါကြောင့် ဒီဘရိုင်းကိုနှုတ်ဆက်ရချိန်ဟာ ပက်ဂွါဒီယိုလာရဲ့အနာကျင်ရဆုံး အခိုက်အတန့်တွေအနက် တစ်ခု ဖြစ်လာခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ဒီကစားသမားတွေနဲ့အတူ ကျွန်တော် အချိန်ကာလအများစု ဖြတ်သန်းခဲ့ဖူးပါတယ်။ အခိုက်အတန့်ကောင်းတွေလည်း ပါဝင်သလို ဆိုးရွားကြောက်မက်ဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေလည်း ပါဝင်ပါတယ်။ အဂူရို၊ ဒေးဗစ်ဆေးလ်ဗားအပါအဝင် ကစားသမားစာရင်းအရှည်ကြီးကို ကျွန်တော်တို့ ပြုစုထားနိုင်ပါတယ်။ ကျွန်တော်တို့ ဒီမှာ ကိုးနှစ်လောက် အတူရှိခဲ့ပါတယ်။
အသင်းဆီ ရောက်လာပြီး ထွက်ခွာသွားတဲ့ ကစားသမားအများစုရှိပါတယ်။ သူတို့အကုန်လုံးက ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတွေပါပဲ။ ဒါကိုမခံစားမိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ အမှန်ပါပဲ၊ အရမ်းခက်ခဲလွန်းပါတယ်။ ဒီဘရိုင်းမှာရှိနေတဲ့ခံစားချက်ကိုလည်း ကျွန်တော် အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ အဲ့ဒါကို မခံစားမိဘူးဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သူနဲ့ သူ့မိသားစုအတွက် အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။
ဒီဘရိုင်းက မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်အပါအဝင် ဆုဖလား ၁၆ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီး ကလပ်အသင်းသမိုင်းတလျှောက် အခမ်းနားဆုံးကစားသမားစာရင်းမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီည၊ ဝင်ဘာလေကွင်းမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်ကို မန်စီးတီးတို့ရင်ဆိုင်ချိန် ဒီဘရိုင်းမှာ သူ့အတွက် တတိယမြောက်အက်ဖ်အေဖလားချန်ပီယံဆုဆီ ခြေတစ်လှမ်းတိုးနိုင်မယ့် အခွင့်အလမ်းတစ်ရပ်လည်း ရှိနေပါတယ်။
အက်ဖ်အေဖလားချန်ပီယံဘွဲ့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခြင်းဟာ လှိုင်းလေထန်လှတဲ့ ဘောလုံးရာသီတစ်ခုအပြီး ဒီဘရိုင်းနှုတ်ဆက်ထွက်ခွာမှုအတွက် အမှတ်ရစရာနည်းလမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ပက်ဂွါဒီယိုလာက “ အမှန်ပါပဲ၊ အဲ့ဒီအတိုင်းဖြစ်လာမယ်ဆိုရင်တော့ အရမ်းကောင်းပါလိမ့်မယ်။ ပြီးခဲ့တဲ့လအတွင်း မန်စီးတီးမှထွက်ခွာတော့မယ်လို့ သူကြေညာပြီးနောက်ပိုင်း ဒီလအတွင်းမှာရော၊ အခုနှစ်တလျှောက်လုံးမှာပါ ဒီဘရိုင်းက မယုံကြည်နိုင်လောက်အောင် ပြုမူဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေက အဆုံးသတ်ချိန်အထိ ဖြစ်သွားပါလိမ့်မယ်။
ဒီဘရိုင်းကိုယ်တိုင်လည်း အကောင်းဆုံးလေ့ကျင့်နေပါတယ်။ သူ့ရဲ့ကျွမ်းကျင်မှုအရည်အချင်းတွေနဲ့အတူ ကျွန်တော်တို့ကို ကူညီပြီး ကစားပေးနေပါတယ်။ ကလပ်အသင်းအတွက် အကောင်းဆုံးဖြစ်လာဖို့ သူလိုလားတယ်ဆိုတာ ကျွန်တော်သိပါတယ်”လို့ ပြောပါတယ်။