ရော်နယ်ဒိုကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံသွားမယ့် ဒေါ်နယ်ထရမ့်
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချင်တယ်လို့ ပြောကြားခဲ့ပြီးနောက် မနက်ဖြန် အိမ်ဖြူတော်မှာ တွေ့ဆုံခွင့်ရတော့မယ်လို့ သိရပါတယ်။ ပေါ်တူဂီအသင်း ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က ဘောလုံးကြယ်ပွင့် ရော်နယ်ဒိုကို အိမ်ဖြူတော်ထံ ဖိတ်ကြားခဲ့ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုက အဓိကကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်လာမှာပါ။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမှာ အမေရိကန်အသင်းနဲ့ပါ ရင်ဆိုင်ရဖွယ်ရှိပြီး ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတစ်ခု ကစားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ထရမ့်ဟာ ဖီဖာဥက္ကဋ္ဌ ဂီယန်နီအင်ဖန်တီနိုကို အိမ်ဖြူတော်မှာ အကြိမ်ပေါင်းများစွာ လက်ခံတွေ့ဆုံခဲ့ဖူးပြီး အခုတော့ ဘောလုံးသမိုင်းတစ်လျှောက် ဂန္တဝင်တွေထဲက တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ MS NOW သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မကြာသေးခင်က ထရမ့်နဲ့ တွေ့ဆုံချင်တယ်လို့ ဖွင့်ဟခဲ့ပြီး ယခုအချိန်မှာတော့ သူ့ရဲ့ဆန္ဒပြည့်ဝခဲ့တာဖြစ်ပါတယ်။ ထရမ့်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံမယ့်နေ့မှာပဲ ရော်နယ်ဒိုကိုလည်း လက်ခံတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော်အရာရှိ သုံးဦးက အတည်ပြုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အိုင်ယာလန်နောက်ခံလူ ဒါရာအိုရှေးကို တံတောင်နဲ့တိုက်ခဲ့တဲ့အတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရလို့ ပေါ်တူဂီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ပေါ်တူဂီဟာ အိုင်ယာလန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ရက်အနည်းငယ်အကြာမှာ အာမေးနီးယားကို ဂိုးပြတ်အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့ပါတယ်။