The network connection is lost.

Banner Image

စီးရီးအေချန်ပီယံဖြစ်လာဖို့ပဲ အပြည့်အဝအာရုံစိုက်ထားဖို့ တောင်းဆိုလိုက်တဲ့ ကွန်တီ

ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်ပေါ်မှာပဲ ရှိနေရမှာဖြစ်ပေမယ့် မြို့ခံပရိသတ်တွေအတွက် သူ့ရဲ့တာဝန်ကို အလေးအနက်ထားဖော်ပြလိုတဲ့ နာပိုလီနည်းပြကွန်တီက ဒီည၊ စီးရီးအေချန်ပီယံဆုသိမ်းပိုက်နိုင်ရေးခရီးစဉ်မှာ တည်တည်ငြိမ်ငြိမ်အေးအေးဆေးရှိနေကြစေရေး တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ နာပိုလီက ကာဂလီယာရီနဲ့ ရာသီပိတ်အိမ်ကွင်းပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားရပ်တည်မှုမှာ အင်တာမီလန်ထက် တစ်မှတ်အသာရရှိထားပါတယ်။

ယမန်နေ့(ကြာသပတေးနေ့)၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကွန်တီက “ အရမ်းကိုတောင်းဆိုမှုများပြားတဲ့ ဘောလုံးရာသီတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရပါတယ်။ အခုတော့ နေရာသစ်တစ်ခု၊ ပတ်ဝန်းကျင်သစ်တစ်ခုမှာ ကျွန်တော့်အတွက် ဘောလုံးရာသီတစ်ခုကို ပိတ်သိမ်းမယ့် နောက်ဆုံးပွဲစဉ်တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ရှင်းလင်းလွန်းပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က နေပယ်လ်မြို့မှာရှိနေတဲ့ ပရိသတ်တွေအတွက် လှပပြီး သမိုင်းဝင်တန်ဖိုးရှိမယ့် အရာတစ်ခု ပေးစွမ်းသွားရမယ်ဆိုတဲ့ တာဝန်ကိုလည်း ရှင်းရှင်းလင်းလင်းခံစားမိပါတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်ကုန်၊ ပါးမားနဲ့ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ ပြိုင်ဘက်နည်းပြချီဗူးနဲ့ အော်ဟစ်ငြင်းခုံခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ကွန်တီက ရာသီပိတ်ပွဲစဉ်မှာ အသင်းကိုကြီးကြပ်ခွင့် မရှိတော့ပါဘူး။ ကွန်တီက “ အသင်းကို ကြီးကြပ်ခွင့်မရရှိလို့ နောင်တရမိပါတယ်။ အခုလိုဘောလုံးရာသီတစ်ခုအဆုံးသတ်ချိန် အသင်းကိုဦးဆောင်နိုင်ဖို့ ပရိသတ်တွေနဲ့အတူ အရန်ခုံတန်းမှာ ရှိနေချင်ပါတယ်။

ဒီနေရာမှာ ကွင်းတွင်းရှိနေမယ့်အငွေ့အသက်တွေ၊ ပရိသတ်တွေ၊ ကျွန်တော့်ရဲ့ဝန်ထမ်းတွေအပေါ် ကျွန်တော် အမြဲတမ်း ရာနှုန်းပြည့်ယုံကြည်ပါတယ်။ ပွဲကြည့်စင်ပေါ်မှာ ရောက်ရှိနေတယ်ဆိုရင်တောင် ကျွန်တော့်ရဲ့အသည်းနှလုံးက ကွင်းတွင်းမှာပဲ ရှိနေပါလိမ့်မယ်။

အပေါင်းလက္ခဏာဆောင်တဲ့ အခိုက်အတန့်တွေမှာရော၊ အဆိုးမြင်စရာအခိုက်အတန့်တွေမှာပါ ပရိသတ်တွေရဲ့ ချစ်ခင်ရင်းနှီးမှုအပါအဝင် အရာရာတိုင်းကို ကျွန်တော်တို့ ရရှိခဲ့ပြီးပါပြီ။ပရိသတ်တွေက ချက်ချင်းဆိုသလိုပဲ အသင်းအပေါ် ယုံကြည်ပေးခဲ့ကြပါတယ်။ ကျွန်တော်ပြောချင်တာက ပရိသတ်တွေကို သူတို့တွေရဲ့အခန်းကဏ္ဍ ဘယ်လိုရှိသလဲဆိုတာ ဆက်ပြောပြနေဖို့ပဲ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ကွန်တီက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် ကာဂလီယာရီနဲ့ပွဲစဉ်ကို ပုံမှန်ပွဲစဉ်တစ်ခုလိုမျိုးပဲ ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။ နာပိုလီနည်းပြက “ မနက်ဖြန်ကျရင် အသင်းကောင်းတစ်ခုဖြစ်တဲ့ ကာဂလီယာရီနဲ့ ရင်ဆိုင်သွားရပါမယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို ရာနှုန်းပြည့်လေးစားမှုနဲ့အတူ ယှဉ်ပြိုင်ကစားသွားရပါမယ်။ သူတို့ကို လေးလေးစားစားယှဉ်ပြိုင်ကစားမယ်ဆိုရင် အနိုင်ရရှိမယ့်အခွင့်အလမ်းတွေ ပိုမိုရရှိလာပါလိမ့်မယ်။

ထူးခြားတဲ့အရာတစ်ခုအကြောင်း ဆွေးနွေးနိုင်ဖို့ ဒီနေ့၊ ဒီနေရာဆီ ကျွန်တော်တို့ကို ပို့ဆောင်ပေးခဲ့တဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒီအလုပ်ကို အကောင်းဆုံးအဆုံးသတ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။