
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နယူးကာဆယ်ကို အနိုင်ရဖို့လိုအပ်ကြောင်း အသင်းဖော်တွေကို ပယ်မာ သတိပေး
ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်မာက အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် နယူးကာဆယ်ကို အနိုင်ကစားသွားဖို့လိုအပ်ကြောင်းနဲ့ ရဲရဲဝံ့ဝံ့ကစားသွားရမှာဖြစ်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။ နယူးကာဆယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ ချဲလ်ဆီးအနေနဲ့ အဝေးကွင်းမှာအနိုင်ရဖို့ အတော်လေးရုန်းကန်သွားရနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ယခုပွဲစဉ်ဟာ ၂ သင်းစလုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေတာလည်းဖြစ်ပါတယ်။
ယခုအခါမှာ ပယ်မာက အသင်းဖော်တွေအနေနဲ့ နယူးကာဆယ်ကို ကြောက်ရွံ့နေဖို့ မလိုအပ်ကြောင်း တကယ်လို့ ရဲရဲဝံ့ဝံ့မကစားနိုင်ပါက ပြိုင်ဘက်က သေချာပေါက်အနိုင်ယူသွားမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က “ကျွန်တော့်မွေးနေ့မှာတော့ လေ့ကျင့်ရေးကွင်းကို သွားခဲ့ပါတယ်။ အသင်းဖော်တွေနဲ့အတူ ဒီပွဲအတွက်ပြင်ဆင်ချင်လို့ပါ”
“နယူးကာဆယ်နဲ့ပွဲက ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ သူတို့ကွင်းက ဘယ်လောက်အထိ ကစားရခက်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိနေပါတယ်။ ခက်ခဲမှာ သေချာပေမယ့် ကျွန်တော်တို့ အနိုင်ကစားသွားဖို့လိုပါတယ်။ နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”
“သူတို့ဆီကို ရဲရဲဝံ့ဝံ့နဲ့ သွားရောက်ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ တကယ်လို့ ကြောက်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ကို အရှင်လတ်လတ်ဝါးစားသွားပါလိမ့်မယ်။ ဒါကြောင့် ကြောက်ရွံ့စိတ်နဲ့ ကစားနေလို့ မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ၁၈ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ထားခဲ့တဲ့ ပယ်မာဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးနဲ့ပွဲမှာတော့ အသင်းအတွက် သွင်းဂိုး ၁ ဂိုးရယူပေးခဲ့ပြီး ဂိုးပေါက်ပြန်လည်တွေ့ရှိထားပါတယ်။ ကြားရက်က ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဒီဂျာဂါးဒင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ချဲလ်ဆီးဟာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ဗိုလ်လုပွဲသို့ တက်လှမ်းထားနိုင်ပါတယ်။