The network connection is lost.

Banner Image

ဘရာဇီးအသင်းရဲ့နည်းစနစ်ပိုင်းအပေါ် ယုံကြည်မှုအပြည့်အဝရှိနေတဲ့ နည်းပြ ဒိုရီဗယ်လ်ဂျူနီယာ

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ ဒိုရီဗယ်လ်က ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၊ အုပ်စုအဖွင့်ပွဲစဉ်မှာ ကော်စတာရီကာနဲ့ သရေကျခဲ့ပေမယ့် အသင်းရဲ့နည်းစနစ်ပိုင်းအပေါ် အပြည့်အဝယုံကြည်နေဆဲဖြစ်ပြီး လာမယ့်သောကြာနေ့၊ ပါရာဂွေးနဲ့ပွဲစဉ်မှာ အသင်းကစားသမားတွေကို အားပေးထောက်ခံသွားကြဖို့ ပရိသတ်တွေဆီ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဘရာဇီးအသင်းက ကော်စတာရီကာနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကို လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အသက်-၆၂ နှစ်အရွယ်နည်းပြဒိုရီဗယ်လ်ကတော့ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ရှုထောင့်တွေကိုပဲ ကောက်နုတ်ရွေးချယ်ဖော်ပြသွားခဲ့ပါတယ်။

ယမန်နေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒိုရီဗယ်လ်က “ ပြီးခဲ့တဲ့ပွဲစဉ်မှာ ကျွန်တော်တို့အားလုံး အခုထက်ပိုကောင်းတဲ့ရလဒ်ကို မျှော်လင့်ခဲ့တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာအပေါ် နားလည်သဘောပေါက်ပေးဖို့လည်း လိုအပ်ပါတယ်။ ပြိုင်ဘက်ကို သူတို့အသင်းဂိုးဧရိယာအထဲမှာပဲ အချိန်ကုန်နေဖို့ ကျွန်တော်တို့ ဖိအားပေးထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့အရာနဲ့ ကျွန်တော်တို့ ရရှိထားတဲ့အရာအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့တွေ အခုမှ အလုပ်ကို စရုံလေးပဲရှိသေးတာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက သမမျှတတဲ့ပုံစံမျိုးနဲ့ တိုးတက်လာနေတယ်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ်၊ ဟန်ချက်ညီညီ၊ ယုံကြည်မှုအပြည့်ရှိနေဖို့ လိုအပ်ပါတယ်။ ပွဲတိုင်းမှာ ကိုယ်လုပ်နေတဲ့အရာအပေါ် သံသယဝင်နေကြမယ်ဆိုရင် ကျွန်တော်တို့အတွက် အောင်မြင်မှုဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

အုပ်စု(D)အဖွင့်ပွဲစဉ်အဖြစ် ပါရာဂွေးကို ကိုလံဘီယာက ၁-၂ ဂိုးဖြင့် အနိုင်ယူပြီးနောက် ကိုပါအမေရိကချန်ပီယံဆု ကိုးကြိမ်တိုင်ဆွတ်ခူးထားသူတွေက နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် နိုင်ပွဲတွေ မဖြစ်မနေရှာဖွေသွားဖို့ လိုအပ်လာပါတယ်။ ဖိအားတွေရှိနေပေမယ့် ဒိုရီဗယ်လ်ကတော့ အသွင်ကူးပြောင်းရေးအဆင့်မှာ အသင်းအပေါ် စိတ်ရှည်သည်းခံပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ဒါက အပြောင်းအလဲကာလ၊ အသွင်းကူးပြောင်းရေးကာလဖြစ်တယ်ဆိုတာ နားလည်ပေးထားကြဖို့ လိုအပ်ပါတယ်။ အသင်းတစ်ခုကို နေ့ချင်းညချင်းတည်ဆောက်လိုက်လို့ မရပါဘူး။ သဘာဝကျတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ကော်စတာရီကာနဲ့ ပွဲစဉ်မှာသာမက ပွဲတိုင်းမှာပါ ဒီအသင်းက အနုတ်လက္ခဏာဆောင်တဲ့အရာတွေထက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေကို ပိုမိုပြသနိုင်ခဲ့ပါတယ်”လို့ ဒိုရီဗယ်လ်က ပြောပါတယ်။