The network connection is lost.

Banner Image

အိုဆီမင်ကို စိတ်ဝင်စားမှုလျော့နည်းလာတဲ့အပြင် လူကာကူကို အပြီးသတ်ရောင်းချလိုနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ လက်ရှိအသင်းရဲ့တိုက်စစ်မှူး ရိုမီယိုလူကာကူကို နောက်ထပ်တစ်ကြိမ် အငှားချဖို့ ဆန္ဒမရှိဘဲ အပြီးသတ်ရောင်းချနိုင်ဖို့သာ ပြင်ဆင်နေပြီး နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်ကိုလည်း စိတ်ဝင်စားမှု လျော့နည်းလာတယ်လို့သိရပါတယ်။  

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံး စတန်းဖို့ဒ်ဘရစ်အသင်း အတွက် မကစားခဲ့ရဘဲ စီးရီးအေကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ ရိုးမားတို့မှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ချဲလ်ဆီးဟာ ကစားသမားကို ထပ်မံအငှားချတော့မှာမဟုတ်ဘဲ ၂၀၂၁ ခုနှစ်မှာ အင်တာမီလန်မှ ခေါ်ယူခဲ့တဲ့ တန်ကြေး ပေါင် ၉၈ သန်းမှ တတ်နိုင်သလောက် ပြန်လည်ကာမိစေဖို့အတွက် အပြီးသတ်ရောင်းချတော့မှာဖြစ်ပါတယ်။

မကြာသေးမီက ချဲလ်ဆီးဟာ လူကာကူကို အသုံးချပြီး အိုဆီမင်ကို စတန်းဖို့ဒ်ဘရစ်ချ်သို့ အလဲအထပ်သဘောနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့သေးသော်လည်း ယခုအခါမှာတော့ နိုင်ဂျီးရီးယားလက်ရွေးစင် ကစားသမားကို ခေါ်ယူလိုခြင်းမရှိတော့ဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။   ချဲလ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၂ သောင်းအထိ ရရှိနေတဲ့ လူကာကူကို ပေါင် ၃၇ သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်နေပြီး ဘယ်လ်ဂျီယံသားကို အင်တာမီလန်နဲ့ နာပိုလီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

လူကာကူအနေနဲ့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်သို့ ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပေမယ့် သဘောတူညီမှုရမရ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ ချဲလ်ဆီးသို့ ဒုတိယအကြိမ် ပြန်လာပြီးကလည်းက စုစုပေါင်း ၂၁ ပွဲသာပါဝင်ကစားခွင့်ရထားပြီး ၈ ဂိုး သွင်းယူထားနိုင်ပါတယ်။

ချဲလ်ဆီးမှာ ကစားခွင့်မရပေမယ့် လူကာကူဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ အိုဆီမင်ကို လူကာကူနေရာမှာ အစားထိုးနိုင်ဖို့ ချဲလ်ဆီးက ကြိုးစားခဲ့ဖူးပေမယ့် ဒီရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ နိုင်ဂျီးယားသားကိုလည်း နောက်ထပ်တစ်ကြိမ် ခေါ်ယူဖို့ကြိုးစားဖွယ်မရှိပါဘူး။

လူကာကူဟာ ချဲလ်ဆီးကို ပြန်လာမှာဖြစ်သော်လည်း လက်ရှိနည်းပြသစ် မာရက်စ်ကာရဲ့လက်ထက်မှာ ကစားသမားအနေနဲ့ နေရာရဖို့မရှိတာကြောင့် ဘယ်အသင်းထံသို့ ရောင်းထုတ်ခံသွားရမလဲဆိုတာစောင့်ကြည့်သွားရပါမယ်။