
ကိုလ်ဝဲလ်ရဲ့ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် တုန်လှုပ်သွားတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိသွားတဲ့ လီဗီကိုလ်ဝဲလ်ကို ခွဲစိတ်ကုသမှု ပြုလုပ်ပေးထားတယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်း၊ လေ့ကျင့်ရေးအစီအစဉ်မှာ ကိုလ်ဝဲလ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အခုအချိန်မှာတော့ အသက်-၂၂ နှစ်အရွယ်ကစားသမားကို ခွဲစိတ်ကုသပေးထားတယ်လို့ ကလပ်အသင်းဘက်မှ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဗဟိုခံစစ်မှူးအနေဖြင့် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူသွားရဖွယ် ရှိပါတယ်။
ချဲလ်ဆီးအသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “ ဒီနေ့မှာ ခံစစ်မှူးလီဗီကိုလ်ဝဲလ်ရဲ့ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက အခုသီတင်းပတ်အစောပိုင်း၊ ရာသီကြိုပြင်ဆင်မှုအတွက် ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာချိန် ကံမကောင်းစွာနဲ့ဘဲ အခုဒဏ်ရာကိုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာအကဲဖြတ်ချက်များအရ ကစားသမားကို မဖြစ်မနေခွဲစိတ်ကုသပေးဖို့ လိုအပ်ခဲ့ပါတယ်။ အခုတော့ ကိုလ်ဝဲလ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ စတင်သွားဖို့ရှိနေပြီး ကော့ဘ်ဟမ်းမှာရှိနေတဲ့ အသင်းဆေးအဖွဲ့ရဲ့ အကူအညီတွေကိုလည်း ရရှိသွားပါလိမ့်မယ်” လို့ ဖော်ပြထားပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားကို ချဲလ်ဆီးနောက်တန်းရဲ့အငြင်းပွားဖွယ်မရှိ အကောင်းဆုံးကစားသမားလို့ သတ်မှတ်နိုင်ပြီး သူဒဏ်ရာရရှိမှုက ဘောလုံးရာသီသစ်စတင်ချိန်၊ နည်းပြအန်ဇိုမာရက်စ်ကာအတွက် ခေါင်းခဲစရာခံစစ်ပိုင်းအကျပ်အတည်း ဖြစ်လာနိုင်ပါတယ်။အထူးသဖြင့် ခံစစ်ပိုင်းက ပြီးခဲ့တဲ့ရာသီ၊ ချဲလ်ဆီးအတွက် အားအနည်းဆုံးအစိတ်အပိုင်းဖြစ်နေလို့ နောက်ထပ်ဗဟိုခံစစ်မှူးအသစ်တစ်ဦး ရှာဖွေဖို့ ပြင်ဆင်လာနိုင်ပါတယ်။ အခုတော့ ကိုလ်ဝဲလ်က ကာလရှည်အနားယူသွားရဖို့ရှိနေပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ အစောပိုင်းကာလတွေကို လွဲချော်သွားဖို့ သေချာသွားပါပြီ။