နော်တင်ဟမ်ဖောရက်စ်က မူရယ်လိုကိုခေါ်ယူဖို့ ကစားသမား ၂ ဦးဖြင့် ကမ်းလှမ်းလိုက်တဲ့ ချဲလ်ဆီး
သီယာဂိုဆေးလ်းဗားထွက်ခွာသွားပြီးနောက် မာရက်စ်ကာရဲ့အသင်းဟာ ဈေးကွက်အတွင်းမှာ ဗဟိုခံစစ်မှူးတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ဘိုကာဂျူနီယာကအသက် ၁၉ နှစ်အရွယ် အာရွန်အန်ဆယ်မီနိုကို ခေါ်ယူပြီးလည်းဖြစ်ပါတယ်။ သို့သော်လည်း ချဲလ်ဆီးဟာ ပထမအသင်းပွဲထွက်ခွင့်ကို ချက်ချင်းစိန်ခေါ်နိုင်မယ့် ကစားသမားကို ခေါ်ယူလိုနေတာဖြစ်ပြီး ဖောရက်စ်နှင့်အတူ ပထမဆုံးပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြသခဲ့ပြီးနောက် မူရယ်လိုဟာ ချဲလ်ဆီးရဲ့လိုအပ်ချက်နှင့်ကိုက်ညီနေတာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဘရာဇီးကလပ် ကိုရင်သီဟန်က ပရီးမီးယားလိဂ်သို့ ပေါင် ၁၅ သန်းဖြင့် ရောက်လာခဲ့တာဖြစ်ပြီး ဖောရက်စ်ရဲ့တန်းဆင်းဇုန်က ကပ်သီလေး ရှောင်ရှားနိုင်ခဲ့မှုတွင် အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသတင်းစာ UOL ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ သူ့ကိုခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်ပြီး ဖောရက်စ်ဟာ သူ့အတွက် ပေါင်သန်း ၅၀ တောင်းဆိုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးဟာ အဆိုပါပမာဏကို မပေးနိုင်ကြောင်းနှင့် အဲ့ဒီအစား ကစားသမား ၂ ဦးကို အလိုက်ပေးပြီး စဉ်းစားပေးဖို့ ဖောရက်စ်ထံ အကြောင်းပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။
စပိန်ကလပ်အက်သလက်တီကိုမက်ဒရစ်ကလည်း မူရယ်လိုကို စိတ်ဝင်စားနေပြီး ကစားသမားရဲ့ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုတွေလုပ်ပြီးပြီဖြစ်ပါတယ်။ သို့သော်လည်း စပိန်ကလပ်ဟာ ဖောရက်စ်ရဲ့ ပေါင်သန်း ၅၀ တောင်းဆိုမှုကို မပေးလိုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်က ပြုလုပ်ခဲ့တဲ့ Os Donos da Bola ရှိုးတွင် မူရယ်လိုက တစ်ရာသီကစားပြီးနောက် ဖောရက်စ်ကနေ ထွက်ခွာဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။ "ကမ်းလှမ်းမှုအချို့ကို ကျွန်တော်ရထားပြီး တစ်ချို့က တရားဝင်ဖြစ်ပြီး ကျန်တာတွေကတော့ အသံတွေထွက်နေတာပါ" "ဒါတွေကို ကျွန်တော့်အေးဂျင့်နဲ့အတူ လုပ်သွားမှာပါ။ အင်္ဂလန်၊ အီတလီနှင့် ဂျာမနီက ကလပ်တွေပဲဖြစ်ပါတယ်" "ဖောရက်စ်မှာ ဆက်နေရမယ်ဆိုရင်လည်း အကောင်းဆုံးလုပ်ပေးသွားမှာပါ။ ထွက်ခွာရမယ်ဆိုရင်လည်း ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို သူတို့တွေက လေးစားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်က တည်တည်ငြိမ်ငြိမ်ပဲ အကောင်းဆုံးလမ်းကို ရွေးချယ်သွားမှာပါ" လို့ မူရယ်လိုက ပြောခဲ့ပါတယ်။