
ဘွန်ဒက်စ်လီဂါဆယ်ကျော်သက်ကြယ်ပွင့်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်တို့နဲ့အတူ ပါဝင်လာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးက ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ စိတ်ဝင်စားနေတဲ့ ကိုလုံးကြယ်ပွင့်ဆက်ဒ်အယ်လ်မာလကို ခေါ်ယူနိုင်ဖို့အတွက် မျက်စိကျနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက်-၁၉ နှစ်အရွယ် တောင်ပံကစားသမားက အခုဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပါဝင်လာသူဖြစ်ပြီး သူ့ရဲ့လျှင်မြန်မှုနဲ့ တစ်ဦးချင်းအရည်အသွေးတို့ကြောင့် ဥရောပရဲ့အလားအလာအရှိဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် အလျှင်အမြန်ပေါ်ထွက်လာခဲ့ပါတယ်။
ကိုလုံးနဲ့ ၂၀၃၀ ပြည့်နှစ်အထိ ကာလရှည်စာချုပ်သက်တမ်းရှိနေတဲ့ အယ်လ်မာလက ဥရောပရဲ့ လူပြောအများဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့လျှင်မြန်မှုနဲ့ တစ်ဦးချင်းအရည်အသွေးတွေကလည်း ကိုလုံးအတွက် မရှိမဖြစ်ကစားသမားတစ်ဦးအဆင့်ဆီ ကူးပြောင်းရောက်ရှိစေပါတယ်။ ဒီအခြေအနေတွေက အင်္ဂလန်မှာရှိနေတဲ့ ဘောလုံးကင်းထောက်တွေအတွက် မျက်စိကျစရာ ဖြစ်နေပါတယ်။ Absolute Fussball ရဲ့အဆိုအရ ချဲလ်ဆီးဟာ ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားမှုပြသတဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်လာပါတယ်။ အစောပိုင်းမှာလည်း ဒီသတင်းဌာနက အသက်-၁၉ နှစ်အရွယ်ကစားသမားကို လာမယ့်နွေရာသီမှာခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ မျက်စိကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အခုလိုဥရောပဘီလူးကြီးတွေရဲ့စိတ်ဝင်စားမှုတွေ ရှိလာချိန်မှာပဲ ကိုလုံးကတော့ သူတို့ရဲ့ဂျာမန်တောင်ပံကစားသမားကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ လိုလားနေပြန်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ကိုလုံးက ကစားသမားအတွက် ဘရိုက်တန်ရဲ့ စာအားဖြင့် ယူရို ၁၄ သန်းကမ်းလှမ်းမှုနဲ့ နှုတ်အားဖြင့် ယူရိုသန်း ၂၀ တန်ကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးပါတယ်။ Bild ရဲ့အဆိုအရ ကိုလုံးက အယ်လ်မာလသာ ဆက်ပြီးတောက်ပနေဦးမယ်ဆိုရင် ယူရိုသန်း ၅၀ တန်ကမ်းလှမ်းမှုတစ်ခု ရောက်ရှိလာနိုင်တယ်လို့ ယူဆနေကြောင်း သိရပါတယ်။ အယ်လ်မာလရဲ့စာချုပ်မှာ ဖျက်သိမ်းကြေးမပါဝင်လို့ ဘွန်ဒက်စ်လီဂါကလပ်အသင်းက အခြေအနေကို အပြည့်အဝထိန်းချုပ်ထားပြီး ကစားသမားရဲ့တန်ဖိုးကြီးမားလာမှုကို အသုံးချသွားဖို့ လိုလားနေပါတယ်။
ဗစ်တိုးရီးယားကိုလုံးမှ ကိုလုံးဆီ ၂၀၂၄ ခုနှစ်မှာ ရောက်ရှိလာတဲ့ အယ်လ်မာလက ယမန်နှစ်ဘောလုံးရာသီကို အသင်းဟောင်းမှာ အငှားကစားသမားဘဝဖြင့် ဖြတ်သန်းခဲ့ပြီး ၃၂ ပွဲကစား၊ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်၊ ကိုလုံးဆီ ပြန်ရောက်ရှိလာချိန်မှာတော့ သူက ဘွန်ဒက်စ်လီဂါစင်မြင့်ထက် ချက်ချင်းဆိုသလို အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ဟော်ဖန်ဟိမ်းနဲ့ပွဲစဉ်မှာ သူ့ရဲ့ အံ့အားသင့်ဖွယ် တစ်ကိုယ်တော်စွမ်းဆောင်ရည်သွင်းဂိုးအပြင် ဖရိုင်းဘတ်နဲ့ပွဲစဉ်အတွင်း အစောပိုင်းတိုက်စစ်ဆင်မှုပုံစံတွေက အယ်လ်မာလကို ဘွန်ဒက်စ်လီဂါရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ကစားသမားတွေအနက် တစ်ဦးအဖြစ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ စာချုပ်ဖျက်သိမ်းကြေးမရှိမှုနဲ့ ထိပ်တန်းကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုတို့ကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အယ်လ်မာလရဲ့အမည်ကို လှုပ်လှုပ်ရှားရှားမြင်တွေ့လာရမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်မှာတော့ ဂျာမန်လူငယ်ကစားသမားက ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဆဋ္ဌမနေရာမှာရှိနေတဲ့ ကိုလုံးကို ရပ်တည်မှုပိုမိုကောင်းမွန်အောင် ကူညီပေးဖို့အတွက် အာရုံစိုက်နေပါလိမ့်မယ်။