အိုလီဆီကိုခေါ်ယူနိုင်ခြင်းမရှိတာကြောင့် ယူနိုက်တက်ပစ်မှတ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်လာတဲ့ ချဲလ်ဆီး
ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီဆီကို ခေါ်ယူနိုင်ခြင်းမရှိတာကြောင့် ယခုအခါမှာတော့ ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ကာလရှည်ပစ်မှတ် ဂျိုနသန်ဒေးဗစ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်လာခဲ့ပါတယ်။
ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ချဲလ်ဆီးဟာ နောက်ရာသီ နည်းပြသစ်အန်ဇိုမာရက်စ်ကာရဲ့လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုသေချာပေါက်ရရှိစေဖို့ ကစားသမားတွေကို အလျင်စလိုပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အက်စတွန်ဗီလာကွင်းလယ်လူ ဂျွန်ဒူရန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်ထားသော်လည်း တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးဘူးလို့သိရပါတယ်။ လောလောဆယ်မှာတော့ ချဲလ်ဆီးရဲ့ အဓိကပစ်မှတ်ဟာ လိုင်လီရဲ့ဗဟိုတိုက်စစ်မှူး ဒေးဗစ်ဖြစ်နေပြီး ကနေဒါလက်ရွေးစင်ကစားသမားဟာ ၁၈၃ ပွဲမှာ ၈၄ ဂိုးအထိသွင်းယူထားနိုင်တာဖြစ်ပါတယ်။
လိုင်လီအသင်းကလည်း ဒေးဗစ်နဲ့လမ်းခွဲဖို့ ရည်ရွယ်ထားတာကြောင့် ကျန်ရှိနေတဲ့ ၁၂ လစာ စာချုပ်ကိုသက်တမ်းမတိုးဘဲ ရောင်းချဖို့ဆုံးဖြတ်ထားတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
ဒီအတောအတွင်းမှာ ချဲလ်ဆီးဟာ ဘရာဇီးကြယ်ပွင့် အက်စတီဗာအိုဝီလီယံကိုခေါ်ယူဖို့ သဘောတူညီမှုရထားပြီး အသက်-၁၇ နှစ်အရွယ်ကစားသမားဟာ ဘရာဇီးကလပ်ပါးမီးယက်စ်မှာ နောက်ထပ် ၁ ရာသီကြာနေထိုင်ပြီး ၂၀၂၅ ခုနှစ် နွေရာသီမှသာ စတန်းဖို့ဒ်ဘရစ်ခ်ျသို့ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။
ချဲလ်ဆီးက "ချဲလ်ဆီးဘောလုံးအသင်းဟာ ပါမီးယက်စ်တိုက်စစ်ကစားသမား ဝီလီယံကိုခေါ်ယူဖို့ သဘောတူညီမှုရထားပြီး လာမယ့်နှစ်နွေရာသီမှာတော့ ကစားသမားဟာ အသင်းနဲ့ပူးပေါင်းသွားမှာဖြစ်ပါတယ်။ အသက်-၁၇ နှစ်အရွယ်သာရှိသေးပေမယ့် တောင်အမေရိကကြယ်ပွင့်ဟာ ခြေစွမ်းထက်မြက်မှုကြောင့် စီနီယာအဆင့်မှာကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကစားသမားဟာ ပါမီးယက်စ်အသင်းအတွက် ၁၀ ပွဲကစားပြီး ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဘရာဇီးလူငယ်အသင်းမှာလည်း ပါဝင်ခွင့်ရထားသူတစ်ယောက်ဖြစ်ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။