ကိုင်စီဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှ တစ်ယောက်ဖြစ်တယ်လို့ မာရက်စ်ကာချီးကျူး
စနေနေ့ညက တော့တင်ဟမ်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့ကြယ်ပွင့် ကိုင်စီဒိုဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်မှူးတွေထဲမှ တစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဂျာအိုပက်ဒရိုသွင်းယူခဲ့တဲ့ ချဲလ်ဆီးရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ကိုင်စီဒိုက ပါးပါးနပ်နပ်ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး တောင်အမေရိကသားဟာ ချဲလ်ဆီးအတွက် ခံစစ်မှာရော၊ တိုက်စစ်မှာပါ ဟန်ချက်ညီညီ လိုက်ပါကစားနိုင်စွမ်းရှိကြောင်း သက်သေပြသနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဗြိတိန်ပြောင်းရွှေ့ကြေးနဲ့ ဘရိုက်တန်မှ ချဲလ်ဆီးသို့စတင်ရောက်ရှိလာခဲ့တဲ့ ကိုင်စီဒိုဟာ ချဲလ်တီးရဲ့မတည်ငြိမ်တဲ့ရာသီတွေမှာ အတည်ငြိမ်ဆုံးခြေစွမ်းကိုထိန်းသိမ်းထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အီကွေဒေါလက်ရွေးစင်ကစားသမားနဲ့ပတ်သက်ပြီး မာရက်စ်ကာက "ကိုင်စီဒိုက သူဘယ်လောက်ကောင်းတယ်ဆိုတာကို သက်သေပြနေတာပါ။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ကွင်းထဲမှာပဲ ခြေစွမ်းကောင်းသူမဟုတ်ဘဲ ကွင်းပြင်ပမှာလည်း အရမ်းနှိမ့်ချတတ်တဲ့သူပါ။ လူတိုင်းအတွက်ကူညီပေးဖို့ အသင့်ရှိတတ်သူပါ"
လောလောဆယ်ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ၂ ယောက် ကိုင်စီဒိုနဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီတို့ပဲရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ပက်ဒရိုဟာ ကြံ့ခိုင်မှုအပြည့်အဝမရှိတာကြောင့် ပွဲအပြီးမှာတော့ ပွဲပန်းဒဏ်ကိုခံစားနေရကြောင်း မာရက်စ်ကာက "ပက်ဒရိုက အသင်းအတွက်ဘယ်တော့မှ လူပိုမဖြစ်စေခဲ့ဖူးပါဘူး။ သူ့ရဲ့ပြဿနာက ကြံ့ခိုင်မှုပြဿနာပါ။ သူအသင်းနဲ့အတူ နေ့ရက်တိုင်းလေ့ကျင်းရေးမဆင်းနိုင်ပါဘူး။ ကျွန်တော်တို့ ဒီပြဿနာကို ကိုင်တွယ်နိုင်ဖို့ကြိုးစားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့်ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး တော့တင်ဟမ်ကတော့ အဆင့် ၄ နေရာသို့ကျဆင်းသွားပါတယ်။