
ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ နှောင့်နှေးနေတာကြောင့် စိတ်ပျက်နေတဲ့ အမ်ဘွေမို
ဘရန့်ဖို့ဒ်တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ယခုနွေရာသီမှာပဲ ချိတ်ဆက်နိုင်ဖို့မျှော်လင့်ထားပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ နှောင့်နှေးကြန့်ကြာနေတာကြောင့် စိတ်ပျက်နေတယ်လို့သိရပါတယ်။
ယူနိုက်တက်အနေနဲ့ အမ်ဘွေမိုကိုခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပေမယ့် ဘရန့်ဖို့ဒ်ဘက်က ကစားသမားအတွက် ပေါင် ၆၅ သန်းအထိတောင်းဆိုထားတာကြောင့် အခုချိန်အထိတော့ သဘောတူညီမှုမရရှိသေးပါဘူး။ တော့တင်ဟမ်ကလည်း အမ်ဘွေမိုကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်သို့သာပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။
အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းအတွက် အားကိုးရမယ့် ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။ စွယ်စုံရတိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိထားပြီးဖြစ်တယ်လို့လည်း သတင်းတွေကဆိုပါတယ်။
ယခုအခါမှာတော့ ကင်မရွန်းလက်ထောက်နည်းပြ အာရှူစိုင်ပရီယန်ဘီဆောင်းရဲ့အဆိုအရ အမ်ဘွေမိုဟာ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ နှောင့်နှေးနေတာကြောင့် စိတ်ပျက်နေတယ်လို့သိရပါတယ်။ ဘီဆောင်းက "ကျွန်တော်သူနဲ့ ပြီးခဲ့တဲ့အပတ်ကစကားပြောဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်ကိုပြောင်းဖို့မျှော်လင့်ထားပေမယ့် အချိန်အရမ်းကြာနေလို့ စိတ်ပျက်နေပါတယ်။ ဒါပေမယ့် သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်လို့ ဒီလိုကိစ္စတွေကို အပြည့်အဝတော့ နားလည်ပါတယ်"
"သူအရင်ကတည်းက ယူနိုက်တက်ကိုသွားချင်ကြောင်း ပြောထားတာပါ။ ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်အကြား သဘောတူညီမှုရရှိဖို့အတွက်လည်း မျှော်လင့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီလက်စ်ကတော့ ယူနိုက်တက်အနေနဲ့ အသင်းကသတ်မှတ်ထားတဲ့ဈေးနှုန်းကို မပေးနိုင်ပါက အမ်ဘွေမိုကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ဆိုပါတယ်။
ဂီလက်စ်က "ပြီးခဲ့တဲ့ရာသီက သူအရမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့သူ့ရဲ့အပြောင်းအရွှေ့ကို စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ သူဘယ်သွားချင်လဲဆိုတာ ကျွန်တော်တို့သိပြီး ခွင့်လည်း ခွင့်ပြုထားပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့သဘောတူညီမှုရရှိဖို့တော့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သူ့ကိုအသင်းမှာ ဆက်ထိန်းသွားမှာပါ။ သူက လောလောဆယ်အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့ကိုဆက်ထိန်းသိမ်းထားတာက အသင်းအတွက် အကျိုးမယုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။