
ဘရိုက်တန်ကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသဖို့လိုအပ်နေကြောင်း အသင်းဖော်တွေကို တိုက်တွန်းလိုက်တဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်ကို ၁-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသဖို့လိုအပ်ကြောင်းနဲ့ သတ္တိရှိရှိကစားဖို့လိုအပ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ပထမပိုင်းအတွင်းချေပဂိုးကို ဖာနန်ဒက်စ်က ပင်နယ်တီမှတစ်ဆင့်သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၂ ဂိုးအထိ ထပ်မံခွင့်ပြုခဲ့ရတာကြောင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရပြန်တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဖာနန်ဒက်စ်က “ဒီလိုဖြစ်လို့မရပါဘူး။ ပရိသတ်တွေရဲ့အမြင်ကို ကျွန်တော်နားလည်သလို၊ ကျွန်တော်တို့အနေနဲ့လည်း ဒီလိုအခြေအနေကို အဆင်ပြေတယ်လို့ သဘောထားလို့မရပါဘူး။ ကျွန်တော်ဒီလိုရောက်လာတာ ရှုံးချင်လို့မဟုတ်ပါဘူး။ ပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာလည်း မနေချင်ပါဘူး။ အသင်းဖော်တွေအနေနဲ့လည်း ဒီလိုပဲလက်ခံထားကြမယ်လို့ ယူဆပါတယ်။ ဒီလိုမှမဟုတ်ရင် အသင်းကနေထွက်သွားရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က ယူနိုက်တက်ဟာ အာမက်ဒီယာလိုရဲ့နောက်ကျဟက်ထရစ်နဲ့အတူ ဆောက်သမ်တန်ကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ယခုပွဲစဉ်မှာ ဂိုးပြတ်ပြန်လည်ရှုံးနိမ့်ခဲ့တာကြောင့် တသမတ်တည်းမဟုတ်တဲ့ ခြေစွမ်းမျိုးကိုပိုင်ဆိုင်ထားကြောင်း သိသာစေခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ဖာနန်ဒက်စ်က “ဘရိုက်တန်က ကျွန်တော်တို့ကို ဘယ်လောက်ပဲနိုင်နိုင် ဒါကပြဿနာမဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အတွက်တော့ နောက်ထပ်ရှုံးပွဲတစ်ခုပါပဲ။ အရင်တုန်းကဆို သူတို့ အိုးလ်ထရက်ဖို့ဒ်မှာ မနိုင်ခဲ့ဖူးပါဘူး။ အခုလိုနိုင်နေလို့လည်း ကျွန်တော့်အတွက်တော့ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွက်အရေးကြီးတဲ့အချက်က အိမ်ကွင်းမှာ အနိုင် ၃ မှတ်ရယူနိုင်ဖို့ပါ။ ဒါပေမယ့် သူတို့အတွက်ဂုဏ်ယူပါတယ်။ သူတို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။