The network connection is lost.

Banner Image

အသင်းရဲ့ကစားသမားတွေကို ဝေဖန်ခဲ့တဲ့ အာမိုရင်ကို ကာကွယ်ပြောကြားလာတဲ့ ဖာနန်ဒက်စ်

ယမန်နေ့ညက အဲဗာတန်ကို ၂-၂ နဲ့သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကစားသမားတွေကို အပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ပေမယ့် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကတော့ နည်းပြအနေနဲ့ သူပြောချင်တာ ပြောလို့ရကြောင်း ကာကွယ်လာခဲ့ပါတယ်။ 


ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဆိုးဝါးတဲ့ကစားပုံနဲ့အတူ ပထမပိုင်းမှာပဲ အဲဗာတန်ကို ၂ ဂိုးအထိခွင့်ပြုခဲ့ရပြီး သရေရလဒ်ရဖို့ နောက်ကနေ အသည်းအသန်လိုက်ကစားခဲ့ရပါတယ်။ ယူနိုက်တက်အတွက် ချေပဂိုးတွေကို ဒုတိယပိုင်းမှာ ဖာနန်ဒက်စ်နဲ့ မန်နူရယ်ယူဂါတီက အိုးလ်ထရက်ဖို့ဒ်ကစားသမားဘဝ ပထမဆုံးဂိုးအဖြစ် အသီးသီးသွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အာမိုရင်က အသင်းရဲ့ကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နိုင်ပွဲရခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 


ပွဲအပြီးမှာ ဖာနန်ဒက်စ်က “ဒီလိုအခြေအနေတွေမှာ ကျွန်တော်တို့အနေနဲ့ ဂိုးတွေပိုသွင်းနိုင်သင့်ပါတယ်။ ပြီးတော့ အခုထက်ပိုပြီး စိတ်အားထက်သန်ဖို့နဲ့ အမှတ်ပေးဇယားက ကိုယ့်ရဲ့ရပ်တည်မှုအဆင့်ကို သိထားဖို့လိုပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ တည်ကန်ဘောတွေကနေတစ်ဆင့် ၂ ဂိုးအထိပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါကတော့ အပြုသဘောဆောင်တဲ့အချက်ပါ။

အသင်းကို ဒီထက်ပိုပြီးကောင်းစေချင်ရင်တော့ ဒီထက်ပိုပြီး ကြိုးစားဖို့လိုပါသေးတယ်။ အခု ကျွန်တော်တို့ရဲ့အခြေအနေက အတော်လေးဆိုးဝါးနေတယ်ဆိုတာ ခေါင်းထဲထည့်ထားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 


ဆက်လက်ပြီး ပေါ်တူဂီသားက ကစားသမားတွေကို ဝေဖန်ခဲ့တဲ့ အာမိုရင်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့က အတော်လေးနိမ့်ကျတဲ့အခြေအနေကို ရောက်နေပါတယ်။ ခြေစွမ်းကလည်း အတော်လေးညံ့ဖျင်းနေပါတယ်။ အခုလို သူဝေဖန်တာတွေက ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီလိုဝေဖန်မှုက သတင်းရဲ့ခေါင်းကြီးပိုင်းမှာပါလာမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူကမန်ချက်စတာယူနိုက်တက်နည်းပြဖြစ်နေလို့ပါ။

ကျွန်တော် ဒီရောက်နေတာ အရမ်းကြာပါပြီ။ ဒါကြောင့် လက်ရှိအသင်းရဲ့အခြေအနေက ဘယ်လောက်အထိဆိုးတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ မန်နေဂျာရဲ့ ဆန္ဒအတိုင်း ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 


လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။