
ယူနိုက်တက်က ချိတ်ဆက်မှုတွေမရှိသေးကြောင်း အခိုင်အမာပြောကြားလာတဲ့ ဘရိုက်တန်အမှုဆောင်
ဘရိုက်တန်အမှုဆောင် ပေါလ်ဘာဘာက ကွင်းလယ်လူ ဘာလီဘာအတွက် ယူနိုက်တက်ဘက်က မည်သည့်ချိတ်ဆက်မှုမှမရှိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ကင်မရွန်းသားကို ယူနိုက်တက်က ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် ဘာဘာက အခုလိုမျိုး ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က စိတ်ဝင်စားမှုတွေရှိလာပေမယ့် ဘရိုက်တန်ဘက်ကတော့ သူတို့စတားကို အသင်းမှာဆက်ထိန်းထားချင်နေပါတယ်။
လက်ရှိမှာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်စတား ဆက်စ်ကိုအပြောင်းအရွှေ့ကို အပြီးသတ်နေပါတယ်။ ဆက်စ်ကိုကိစ္စအပြီးသတ်နိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ ဘာလီဘာဘက်ကို မြှားဦးလှည့်လာဖွယ်ရှိနေပါတယ်။အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းအတွက် ဘာလီဘာကို ချိတ်ဆက်မှုတွေပြုလုပ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။
သတင်းတွေထွက်ပေါ်နေပေမယ့် ဘရိုက်တန်အမှုဆောင် ဘာဘာက သတင်းတွေသပ်သပ်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့အသင်းဟာ လူငယ်တွေကိုမြေတောင်မြှောက်ပေးရာမှာ ထူးချွန်သလို အသင်းရဲ့လူသစ်ခေါ်ယူရေးကလည်း အလုပ်ဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ အရည်အချင်းရှိတဲ့ကစားသမားအချို့ရလိုက်ပါတယ်။ ကျွန်တော်တို့ကစားသမားတွေကို အမြဲတမ်းစိတ်ဝင်စားကြပါတယ်။ ယူနိုက်တက်က လက်ရှိအချိန်အထိ ကျွန်တော့်ကို မဆက်သွယ်သေးပါဘူး။ ကျွန်တော့်အမြင်အရ သတင်းက သတင်းပါပဲ။ ကျွန်တော်တို့အကောင်းဆုံးကစားသမားတွေကို မှန်ကန်တဲ့အချိန်မှာ အမြဲတမ်းရောင်းချဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေကို မရောင်းချချင်ပါဘူး။ ကားလို့စ်က ထိပ်တန်းအရည်အချင်းရှိတဲ့ကစားသမားတစ်ဦးပါ။ သူ့ကို ကျွန်တော်တို့အသင်းမှာ နှစ်အတော်ကြာရှိနေစေချင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးရပ်ဝန်းမှာက ဘယ်အရာကိုမှအမြဲတမ်းခန့်မှန်းလို့မရနိုင်ပါဘူး”လို့ ဘာဘာက ပြောကြားခဲ့ပါတယ်။
ဘာလီဘာဟာ ၂၀၂၃ နွေရာသီတုန်းက လိုင်လီအသင်းထံကနေ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရောက်ပြီးကတည်းက ဘာလီဘာဟာ အလျင်အမြန်အထိုင်ကျခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်အပြင် ၊ ရုပ်ပိုင်းဆိုင်ရာ ၊ တည်ငြိမ်မှု တွေကြောင့် အလားအလာအကောင်းဆုံးလူငယ်ကစားသမားတွေထဲကတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။
ပွဲဦးထွက်ရာသီမှာ ဘာလီဘာတစ်ယောက် ပြိုင်ပွဲစုံ ၄၀ ပွဲအထိ ပါဝင်ကစားနိုင်ခဲ့ပြီး ၄ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် နိုင်ငံကင်မရွန်းအသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ၇ ပွဲပါဝင်ကစားခွင့်ရရှိထားပါတယ်။ ဘာလီဘာကို စိတ်ဝင်စားနေပေမယ့်လည်း တကယ်လို့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ယူနိုက်တက်အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။ ဘဏ္ဍာရေးမျှခြေဖြစ်နိုင်ဖို့ ယူနိုက်တက်အနေနဲ့ ကစားသမားအများအပြားကို ရောင်းထုတ်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ ဆက်စ်ကိုအပြောင်းအရွှေ့ကို အပြီးသတ်နေပြီး အဲ့နောက် ဘာလီဘာကို ဆက်လက်ကြိုးပမ်းဖွယ်ရှိနေပါတယ်။