The network connection is lost.

Banner Image

ဖခင်ရဲ့ဘောလုံးပညာအမွေကို ဆက်ခံရင်း ဥရောပရဲ့ကြယ်ပွင့်သစ်ဖြစ်လာတဲ့ ဘာ့ဂျ်စီတစ်

လီဗာပူးက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလနှစ်ခုမှာ ဒါဝင်နူနက်ဇ်၊ ကိုဒီဂတ်ပိုတို့လို ဥရောပရဲ့ကြယ်ပွင့်တိုက်စစ်မှူးတွေကို ခေါ်ယူပြီး အသွင်သစ်တိုက်စစ်အခင်းအကျင်းအတွက် စတင်ပြင်ဆင်လာခဲ့ပါတယ်။ လာမယ့်နွေရာသီမှာတော့ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် အဓိကပြင်ဆင်သွားဖို့ ဆန္ဒရှိနေတဲ့ လီဗာပူးက ဈေးကွက်အတွင်း ဝင်ရောက်သွားဖို့ ဆန္ဒရှိနေပါတယ်။ ဒီလိုသတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ နည်းပြကလော့ပ်ကိုယ်တိုင် အသင်းအတွက် အနာဂတ်မှာအားကိုးရမယ့် အဓိကကွင်းလယ်လူလို့ ထုတ်ဖော်ချီးကျူးခံထားရတဲ့ လူငယ်ကစားသမားတစ်ဦးရှိပါတယ်။

အခုဘောလုံးရာသီမှာ လီဗာပူးစီနီယာအသင်းနဲ့အတူ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ လူငယ်လေးကတော့ အသက်-၁၈ နှစ်အရွယ် ဘာ့ဂျ်စီတစ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဘာ့ဂျ်စီတစ်ကို ဘာစီလိုနာဝါရင့်ကစားသမား ဘတ်စ်ကွက်နဲ့ ခိုင်းနှိုင်းချီးကျူးမှုတွေ ရှိလာခဲ့ပါတယ်။
ဒါကြောင့်ပဲ ဆာဘီးယားလက်ရွေးစင်အသင်းအတွက်ပါ ကိုယ်စားပြုခွင့်ရရှိနေတဲ့ သူ့ကို အနာဂတ်စပိန်လက်ရွေးစင်ကွင်းလယ်လူဖြစ်လာဖို့ စပိန်ဘောလုံးတာဝန်ရှိသူတွေ ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဒါပေမယ့် ဒီလိုခြေစွမ်းခြေစရှိတဲ့ ဘာ့ဂျ်စီတစ်ရဲ့အတိတ်ကာလအနည်းငယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် သူက အခုအချိန်မှာ ကြိုးကြာနီကစားသမားမဟုတ်ဘဲ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူတစ်ဦး ဖြစ်နေနိုင်တာကို အံ့သြဖွယ် တွေ့မြင်ရပါလိမ့်မယ်။ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝဇာတ်ကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင်….။

လွတ်တဲ့ငါး ကြီးခြင်း
--------------------
ဆယ်လ်တာဗီဂို၊ ရက်ဒ်စတားဘဲလ်ဂရိတ်တို့ရဲ့ကစားသမားဟောင်း ဆာဒမ်ဘာ့ဂျ်စီတစ်တို့ ဇနီးမောင်နှံက ဘာ့ဂျ်စီတစ်ကို စပိန်နိုင်ငံ၊ ဗီဂိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ အံ့သြစရာပါပဲ၊ ဆာဒမ်ဘာ့ဂျ်စီတစ်ဟာ အခုလက်ရှိလီဗာပူးကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာရဲ့အဖေ ဘရာဇီးလ်ကမ္ဘာ့ဖလားစတား မာဇင်ဟိုနဲ့ အသင်းဖော်အဖြစ် အတူတွဲကစားခဲ့ဖူးပါတယ်။

၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ဆယ်လ်တာဗီဂိုမှာ ဆာဒမ်ဘာ့ဂျ်စီတစ်ကစားခဲ့စဉ် သူ့ရဲ့သားဖြစ်သူကလည်း ဆယ်လ်တာဗီဂိုလူငယ်အသင်းတွေမှာ ဗဟိုခံစစ်မှူးအဖြစ် ပါဝင်ကစားခဲ့ပါတယ်။
အဲ့ဒီအချိန်ကတည်းက လီဗာပူး၊ မန်ချက်စတာယူနိုက်တက်တို့ဟာ ဘာ့ဂျ်စီတစ်ကို ခေါ်ယူနိုင်ရေး စောင့်ကြည့်နေခဲ့တာပါ။

စပိန်သတင်းဌာန El Mundo နဲ့တွေ့ဆုံချိန် ဘာ့ဂျ်စီတစ်ရဲ့ဖခင် ဆာဒမ်ဘာ့ဂျ်စီတစ်က “လီဗာပူးရဲ့ကင်းထောက်အချို့က သူ့ကိုတွေ့ရှိခဲ့ပြီး ကျွန်တော်တို့ဆီ ဆက်သွယ်လာပါတယ်။ ဒါပေမယ့် ဘာ့ဂျ်စီတစ်က အသက်-၁၆ နှစ်တောင် မပြည့်သေးတဲ့ ချာတိတ်တစ်ဦးပါ။ သူ ဘယ်ကိုမှ သွားလို့ မရပါဘူး။
ပထမတော့ လီဗာပူးက ဘာ့ဂျ်စီတစ်ကို မခေါ်တော့ဘူးလို့ ကျွန်တော်တို့ဆီ အကြောင်းပြန်ပါတယ်။ ဒီနောက်မှာ မန်ချက်စတာယူနိုက်တက်ဝင်လာပြီး သူတို့ခေါ်မယ်လို့ ပြောလာပါတယ်။ ဒီသတင်းကို လီဗာပူးဘက်က သိသွားပြီး ဘာ့ဂျ်စီတစ်ကို ခေါ်ယူမယ်လို့ နောက်တစ်ကြိမ်ပြန်ဆက်သွယ်လာပါတယ်။
ဒီအသက်အရွယ်ကစားသမားမျိုးကို ပရိုစာချုပ်ကမ်းလှမ်းနိုင်တဲ့ ဘဏ္ဍာရေးအင်အားမျိုး ဆယ်လ်တာမှာ မရှိပါဘူး။ ဒါကြောင့်ပဲ အချို့အချိန်တွေမှာ လူငယ်ကစားသမားတွေ ထွက်ခွာသွားပါတယ်”လို့ ရှင်းပြလာပါတယ်။

လီဗာပူးအကယ်ဒမီဒါရိုက်တာအဲလက်စ်အင်ဂလီတော်ပီကိုယ်တိုင် ဘာ့ဂျ်စီတစ်နဲ့ ဘာ့ဂျ်စီတစ်ရဲ့ဖခင်တို့ကို ကစားသမားရဲ့အနာဂတ်ဟာ အန်ဖီးလ်မှာရှိနေကြောင်း ပြောဆိုသိမ်းသွင်းစည်းရုံးခဲ့ပါတယ်။
ဒီနောက်မှာတော့ လီဗာပူးက ဘာ့ဂျ်စီတစ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ဆယ်လ်တာဗီဂိုကို ပေါင် ၂၂၄,၀၀၀ ပေးချေကာ ကစားသမားကို အင်္ဂလန်မြေဆီ ခေါ်ယူခဲ့ပါတယ်။

Brexit ကို ရင်ဆိုင်ကျော်ဖြတ်ခြင်း
-----------------------------------
ဒါပေမယ့် Brexit ကြောင့် လီဗာပူးအသင်းက ဘာ့ဂျ်စီတစ်ကို ခေါ်ယူဖို့ အချိန်လုလုပ်ဆောင်ခဲ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဗြိတိန်နုတ်ထွက်ခဲ့ပြီး ဗြိတိန်ပြည်တွင်းမှာလည်း ဥပဒေသစ်တွေ အသက်ဝင်လာခဲ့ပါတယ်။ ဒီဥပဒေသစ်တွေရဲ့ ပြဋ္ဌာန်းချက်တွေအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ နိုင်ငံရပ်ခြားမှ အသက်-၁၈ နှစ်အောက်ကစားသမားတွေကို ခေါ်ယူဖို့အတွက် အကန့်အသတ်တွေ ရှိလာခဲ့ပါတယ်။

ယာဂန်ကလော့ပ်ရဲ့အသင်းကတော့ ဒီနောက်ဆုံးရက်မတိုင်ခင် ဘာ့ဂျ်စီတစ်ရဲ့အပြောင်းအရွှေ့ကိစ္စကို လက်စသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကာလတွေဟာ ဘာ့ဂျ်စီတစ်အတွက် လွယ်ကူချောမွေ့တဲ့ ကာလတွေတော့ မဟုတ်ခဲ့ပါဘူး။ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြီးရဲ့ခြိမ်းခြောက်မှုတွေနဲ့အတူ နိုင်ငံအများစု Lockdown ချထားရတာကြောင့် ဘာ့ဂျ်စီတစ်ဟာ စပိန်နိုင်ငံ၊ ကမ်းခြေမြို့လေးမှာပဲ ဆက်ရှိနေခဲ့ရပါတယ်။

ဆာဒမ်ဘာ့ဂျ်စီတစ်က “သူ ဘောလုံးမကစားရပါဘူး။ Lockdown မိနေလို့ပါ။ ကျွန်တော့်အမြင်အရ ဒီလိုကိစ္စတွေကြောင့်ပဲ သူ ပိုပြီးရင့်ကျက်လာခဲ့ပါတယ်။ စိတ်ရှုပ်တယ်ဆိုတဲ့ စကားမျိုးတွေ သို့မဟုတ် အသင်းမပြောင်းချင်တော့ဘူးဆိုတာမျိုးတွေ ဘာ့ဂျ်စီတစ် မပြောခဲ့ပါဘူး။ ဘယ်တုန်းကမှ မပြောခဲ့တာပါ။ သူက အသင်းပြောင်းဖို့ကိစ္စအပေါ် စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းရှိနေခဲ့ပါတယ်။ ဘာ့ဂျ်စီတစ်က အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်တဲ့သူတစ်ဦး ဖြစ်ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

စီနီယာအသင်းဆီသို့
----------------------
၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာတော့ ဘာ့ဂျ်စီတစ်ဟာ ယာဂန်ကလော့ပ်ရဲ့အသင်းမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ သီယာဂိုတို့လို စီနီယာကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဘောလုံးရာသီမှာ မာဆေးဆိုဒ်ကလပ်ဟာ ကွင်းလယ်ကစားသမားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်လာရပါတယ်။ သူတို့အသင်းမှာ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးဖို့အပြင် အခြားရွေးချယ်စရာ မရှိတော့ပါဘူး။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ လီဗာပူးက ဘုန်းမောက်ကို ၉ ဂိုးပြတ် အနိုင်ရရှိတဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဘာ့ဂျ်စီတစ်ပါဝင်ခွင့်ရရှိခဲ့သလို အေဂျက်စ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း လူစားဝင်ကစားခဲ့ရပါတယ်။ အေဂျက်စ်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့တာကြောင့် ဘာ့ဂျ်စီတစ်ဟာ  အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသက်အငယ်ဆုံးလီဗာပူးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါဘီကောင်တီကို အနိုင်ရရှိတဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာတော့ ဘာ့ဂျ်စီတစ်က လီဗာပူးကစားသမားအဖြစ် ပထမဆုံးအကြိမ်ပွဲထွက်ကစားခဲ့ပါတယ်။ လီဗာပူးအတွက် ပထမဆုံးသွင်းဂိုးကိုတော့ ၂၀၂၂ ခုနှစ် Boxing Day နေ့၊ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ အခုလိုပါရမီစွမ်းရည်တွေကြောင့် ယာဂန်ကလော့ပ်က ဘာ့ဂျ်စီတစ်ကို ပွဲကစားချိန်ပိုမိုပေးခဲ့သလို ဟန်ဒါဆန်အပါအဝင် စီနီယာကစားသမားတွေကလည်း လူငယ်ကစားသမားလေးရဲ့ စွမ်းရည်အပေါ် ချီးကျူးထားကြပါတယ်။

အဲဗာတန်ကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး လီဗာပူးအသင်းဝက်ဆိုဒ်နဲ့တွေ့ဆုံချိန် ဟန်ဒါဆန်က “ကောင်လေးကို ကျွန်တော် အရမ်းသဘောကျပါတယ်။ အသင်းဆီရောက်လာချိန်ကတည်းကပဲ သူ့ရဲ့ခြေစွမ်းက ထူးချွန်ပြောင်မြောက်လွန်းပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စွမ်းဆောင်ရည်ပိုင်းတွေက အကောင်းဆုံးမဟုတ်ခဲ့ဘူးဆိုရင်တောင် ဘာ့ဂျ်စီတစ်ကတော့ သူစွမ်းဆောင်နိုင်လောက်တဲ့အဆင့်အထိ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ အဲဗာတန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ကွဲပြားမှုက လူတိုင်းဟာ အကောင်းဆုံးစွမ်းဆောင်ပြီး နောက်တစ်ဆင့်စီ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် ကောင်းမွန်တဲ့အရာတွေကို ရရှိလာပါတယ်”လို့ ပြောပါတယ်။

ဘာ့ဂျ်စီတစ်ရဲ့ လက်ရွေးစင်ကစားသမားဘဝ
-----------------------------------------------
စပိန်အသင်းနည်းပြလူးဝစ်ဖွန်တေကလည်း စပိန်လက်ရွေးစင်အသင်းရဲ့အနာဂတ်ဖြစ်လာမယ့် ဘာ့ဂျ်စီတစ်ရဲ့ အလားအလာအပေါ် နားလည်မှုအပြည့် ရှိပါတယ်။ AS သတင်းဌာနရဲ့အဆိုအရ အနာဂတ်စပိန်လက်ရွေးစင်ကစားသမားစာရင်းမှာ ယာဂန်ကလော့ပ်ရဲ့စိတ်ကြိုက်ကစားသမားလည်း ပါဝင်နေတယ်လို့ သိရပါတယ်။  ဒါ့အပြင် စပိန်ဘောလုံးတာဝန်ရှိသူတွေက တခြားနိုင်ငံတစ်ခုအတွက် ကိုယ်စားပြုခွင့်ရှိနေတဲ့ နောက်ထပ်လူငယ်ခြေတက်ကစားသမားတစ်ဦးကို အဆုံးရှုံးမခံနိုင်တော့ပါဘူး။

ယခင်ကာလတွေတုန်းကလည်း ဂါနာချို (အာဂျင်တီးနား)၊ နီကိုပက်ဇ် (ဥရုဂွေး)၊ အယ်ဗာရိုရိုဒရီဂွတ်ဇ် (ဥရုဂွေး)တို့လို လူငယ်ကြယ်ပွင့်ကစားသမားလေးတွေက စပိန်လက်ရွေးစင်အသင်းကို မရွေးချယ်ဘဲ တောင်အမေရိကအခြေစိုက်နိုင်ငံတွေကို ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာ့ဂျ်စီတစ်ကလည်း သူ့အဖေရဲ့မွေးရပ်ဒေသဖြစ်တဲ့ ဆားဘီးယားနိုင်ငံကို ကိုယ်စားပြုခွင့် ရှိနေတာပါ။ ဒါပေမယ့် ဘာ့ဂျ်စီတစ်က စပိန်ယူ-၂၁လက်ရွေးစင်အဖြစ် ကစားဖူးခဲ့တာကြောင့် ဒီအချက်ကပဲ သူ့ရဲ့အနာဂတ် ဘယ်နေရာမှာရှိနေမလဲဆိုတာ အရိပ်အယောင်ပြသနေတယ်လို့ ယူဆရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီကစားသမားလေးက အနာဂတ်ကာလ ကလပ်အတွက်ရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ ကွင်းလယ်ပိုင်းအတွက် မရှိမဖြစ်အရေးပါသူ ဖြစ်လာပါလိမ့်မယ်။