
အာဆင်နယ် နဲ့ ချဲလ်ဆီးတို့ပစ်မှတ်ကို ရောင်းထုတ်မယ့် ဒေါ့မွန်
သတင်းတွေအရ ဒေါ့မွန်အသင်းဟာ အာဆင်နယ် နဲ့ ချဲလ်ဆီးတို့အလိုရှိနေတဲ့ တောင်ပံကစားသမား ဂစ်တန်ကို ရောင်းထုတ်မယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ နည်းပြ ကိုဗက်လက်အောက်မှာ ပွဲထွက်ခွင့်သိပ်မရတာကြောင့် အင်္ဂလန်မြေကိုပြန်လာချင်နေပြီး အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ နယူးကာဆယ်တို့က ချိတ်ဆက်နေပါတယ်။
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အင်္ဂလန်သားကို လက်ရှိလုပ်ခလစာရဲ့ ၂ ဆနဲ့ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒေါ့မွန်ဘက်ကတော့ သူတို့စတားအတွက် ယူရိုသန်း ၅၀ ကနေ ၆၀ ကြားရမယ်ဆိုရင် လက်ခံသွားဖွယ်ရှိနေပါတယ်။ နည်းပြ ဆာဟင်လက်အောက် ဘွန်ဒက်စ်လီဂါ ၁၅ ပွဲမှာ ၅ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပေမယ့်လည်း နည်းပြသစ် ကိုဗက်လက်အောက်မှာတော့ နေရာသိပ်မရလာခဲ့တာဖြစ်ပါတယ်။
၂၀၂၄ - ၂၅ ရာသီမှာ ဂစ်တန်တစ်ယောက် ဒေါ့မွန်အတွက် ၄၈ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ စာချုပ်သက်တမ်းက ၃ နှစ်ကျန်နေသေးတာကြောင့် ဒေါ့မွန်အနေနဲ့ ဂစ်တန်ကို အလျင်စလိုရောင်းထုတ်ဖို့ မလိုအပ်တာဖြစ်ပါတယ်။ဒါပေမယ့်လည်း များပြားလှတဲ့လုပ်ခလစာကြောင့် အသင်းကစားသမားအချို့ကိုရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
လာမယ့်နွေရာသီမှာ ဒေါ့မွန်အသင်းထံကနေ ရေနာ ၊ ဆူလီ ၊ အိုဇီကန် ၊ ဘရန့်တ်တို့လည်း ထွက်ခွာနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ ကီဟယ်ကလည်း လာမယ့်နွေမှာ ကမ်းလှမ်းမှုတွေအပေါ်မူတည်ပြီး ကစားသမားတွေကို ရောင်းထုတ်နိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
“ဂစ်တန်ကို ဈေးကွက်ထဲတင်နိုင်ပါတယ်။ သူက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကစားသမားပါ။ ကျွန်တော်တို့ မကြာခင်မှာ ဆွေးနွေးမှုပြုလုပ်ပါမယ်။တကယ်လို့ ကမ်းလှမ်းမှုတွေရှိလာမယ်ဆိုရင် ညှိနှိုင်းတာတွေလုပ်သွားမှာပါ။ကျွန်တော်တို့ လုပ်ခလစာတွေလျော့ချချင်ပါတယ်။ အချို့ကစားသမားတွေက ကျွန်တော်တို့နဲ့ဆက်ရှိနိုင်ပေမယ့် အချို့ကတော့ လာမယ့်ရာသီလူစာရင်းမှာ မပါဝင်နိုင်လောက်တော့ပါဘူး”လို့ ကီဟယ်က ဖြေကြားခဲ့ပါတယ်။
လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒေါ့မွန် နဲ့ အသင်းတွေကြား ဆွေးနွေးမှုတွေရှိလာနိုင်ပြီး မလိုအပ်တာတွေရှင်းထုတ်ကာ အသင်းကို ပြန်လည်တည်ဆောက်ဖွယ်ရှိနေပါတယ်။ အခုချိန်မှာတော့ ဒေါ့မွန်ဟာ ကလပ်ကမ္ဘာ့ဖလားအတွက် အာရုံစိုက်နေပြီး လာမယ့်ဇွန်လ ၁၇ ရက်နေ့မှာ ဖလူမီနီးစ်အသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။