လီဗာပူးအသင်းပိုင်ရှင် FSG နှင့် ဆွေးနွေးမှု ပျက်ပြားပြီး တစ်ပတ်အကြာတွင် တတိယတန်းသို့ တန်းဆင်းသွားခဲ့ရတဲ့ ဘော်ဒိုး
လီဗာပူးအသင်းပိုင်ရှင် FSG နှင့် ဆွေးနွေးမှု ပျက်ပြားသွားပြီးနောက် လီဂူးဝမ်းကလပ်ဟောင်းဖြစ်တဲ့ ဘော်ဒိုးအသင်းဟာ တတိယတန်းသို့ တန်းဆင်းသွားခဲ့ရပါတယ်။ ယခုလအစောပိုင်းတွင် FSG ဟာ ကလပ်ကိုဝယ်ယူရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း အတည်ပြုခဲ့ပြီး ဘော်ဒိုးအသင်း အားပေးသူများအကြား အကောင်းမြင်မှုများရှိခဲ့ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်က အမေရိကန်စီးပွားရေးလုပ်ငန်းအုပ်စုဟာ ဘော်ဒိုးရဲ့ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးတည်ငြိမ်ရေး မျှော်လင့်ချက်အတွက် ထိုးနှက်ချက်ဖြစ်မယ့် ညှိနှိုင်းမှုမှ မမျှော်လင့်ဘဲ နုတ်ထွက်ခဲ့ပါတယ်။ ဘော်ဒိုးဟာ ၎င်းတို့အား တန်းဆင်းစေမယ့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပြင်သစ်ဘောလုံးအသင်းများရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ DNCG ထံ အယူခံဝင်ရန် ကြိုးပမ်းခဲ့ပါတယ်။
သို့သော်လည်း FSG နှင့် သဘောတူညီမှုရရှိခဲ့ပြီး ဒုတိယအကျော့ ဆွေးနွေးမှု မအောင်မြင်ခဲ့တာကြောင့် ၎င်းတို့ရဲ့ အယူခံဝင်မှုကို ရုပ်သိမ်းခဲ့ပြီး တန်းဆင်းခြင်းကို လက်ခံခဲ့ပါတယ်။ ကလပ်ဟာ ဇူလိုင် ၂၂ ရက် တနင်္လာနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အခြေအနေများကို ရှင်းပြခဲ့ပါတယ်။
"မကြာသေးမီရက်များအတွင်း ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့သော်လည်း FSG ကိုယ်စားလှယ်များက ယမန်နေ့ ဇူလိုင် ၂၂ ရက် တနင်္လာနေ့တွင် ဘော်ဒိုးနှင့် ၎င်း၏အစုရှယ်ယာရှင်များအား သက်ဆိုင်သူအသီးသီးမှ အာမခံချက်ပေးထားသည့်ကြားမှ မလိုက်နာလိုတဲ့ သဘောဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် DNCG ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မယ့် အယူခံကို ဘော်ဒိုးမှ ရုပ်သိမ်းလိုက်ပါတယ်" "ရလဒ်အနေနဲ့ ဘော်ဒိုးဟာ ၂၀၂၄-၂၅ ရာသီအတွက် Championnat National သို့ တန်းဆင်းဖို့အတွက် လက်ခံပြီး အသင်းရဲ့ဘတ်ဂျက်ကို DNCG ကို တင်ပြဖို့ ထပ်မံဆင့်ခေါ်ခြင်း ခံရပါလိမ့်မယ်" လို့ အသင်းက ထုတ်ပြန်ကြေညာထားပါတယ်။
ဘော်ဒိုးရဲ့ ငွေကြေးဆိုင်ရာ ရုန်းကန်ရမှုတွေက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ပိုင်ရှင် King Street ရဲ့ ဘဏ္ဍာရေးပံ့ပိုးမှုရပ်ဆိုင်းသောအခါ ကလပ်ဟာ ကြားဝင်အုပ်ချုပ်ခြင်းကို ခံခဲ့ရဖူးပါတယ်။ အဲ့ဒီနောက် ကလပ်ကို လူဇင်ဘတ်-စပိန်စီးပွားရေးလုပ်ငန်းရှင် ဂျရတ်လိုပက်ဇ်က ဝယ်ယူခဲ့ပါတယ်။ ပိုင်ရှင် ပြောင်းလဲမှုများကြားမှ ဘော်ဒိုးဟာ အသင်းရဲ့ဆုံးရှုံးသွားတဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိရန် သိသာထင်ရှားသော ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။
ပြင်သစ်ဘောလုံးလောကတွင် အသာစီးရခဲ့ဖူးတဲ့ ဘော်ဒိုးဟာ လီဂူးဝမ်းချန်ပီယံဆုဖလားကို ၆ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး ၂၀၀၉-၁၀ ရာသီတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ ရောက်ရှိခဲ့ပါတယ်။ ကလပ်ဟာ ၂၀၂၁-၂၂ ရာသီတွင် ဇယားအောက်ဆုံးမှ ရပ်တည်ခဲ့ပြီး လီဂူးတူးသို့ တန်းဆင်းခဲ့ရပါတယ်။ ထို့နောက်တွင် လီဗာပူးတောင်ပံကစားသမားဟောင်း ရီယာရဲ့ စီမံခန့်ခွဲမှုအောက်တွင် ဘော်ဒိုးဟာ ၂၀၂၃-၂၄ ရာသီအတွက် လီဂူးတူးတွင် စိတ်ပျက်ဖွယ်ရာဖြင့် အဆင့် ၁၂ နေရာကို ရရှိခဲ့ပါတယ်။
ဘော်ဒိုးဟာ ယခုအခါ ပြင်သစ်ဘောလုံးလောကရဲ့ တတိယတန်းကနေ ပြန်လည်တည်ဆောက်ရန် ခက်ခဲတဲ့အလုပ်နှင့် ရင်ဆိုင်နေရပါတယ်။ အသင်းမှာ အရည်အချင်းပြည့်မီတဲ့ ပြုစုပျိုးထောင်မှု သမိုင်းကြောင်း ရှိပြီး ဒီဇန်း၊ ဒူဂါရီ နှင့် တီဂါနာ တို့ကဲ့သို့သော ထင်ရှားတဲ့ ကစားသမားများ ထွက်ပေါ်ခဲ့ဖူးတာဖြစ်ပါတယ်။
မကြာသေးမီက ရီးရဲလ်မက်ဒရစ်နှင့် ပြင်သစ်ကွင်းလယ်ကစားသမား ချူအာမီနီကလည်း အသင်းရဲ့ လူငယ်စနစ်မှ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ စိတ်အားထက်သန်တဲ့ ပရိသတ်အခြေခံမှုနှင့်အတူ အသင်းရဲ့ သမိုင်းကြောင်းကြောင့်ဘော်ဒိုးအသင်းဟာ ပြင်သစ်ဘောလုံးလောကရဲ့ ထိပ်ပိုင်းအဆင့်တွင် နေရာပြန်လည်ရယူနိုင်ရန် မျှော်လင့်ချက်ရှိနေပါသေးတယ်။