
၂၀၃၄ ဆော်ဒီကမ္ဘာ့ဖလားမှာ အရက်သောက်ခွင့်တားမြစ်သွားမည်
၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှအရှေ့အလယ်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ ပရိသတ်တွေအနေနဲ့ ဘောလုံးကွင်းအတွင်း အရက်သောက်ခွင့် ရရှိသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလက ဖီဖာဟာ ၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပခွင့်ကို ဆော်ဒီအာရေဗျနိုင်ငံအား ပေးအပ်ခဲ့ပါတယ်။ဆော်ဒီဟာ LGBTQ တွေနဲ့သာမက လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံညွှန်းမမီတာကြောင့် ဖီဖာရဲ့ဆုံးဖြတ်ချက်ဟာ ကမ္ဘာတစ်ဝှမ်းဘောလုံးပရိသတ်တွေအကြား ဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်။
လက်ရှိဆော်ဒီအာရေဗျမှာ အယ်လ်ကိုဟောကို တားမြစ်ထားပြီး ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အားကစားကွင်းတွေထဲမှာသာမက ပရိသတ်ဇုန်ထဲမှာပါ အယ်လ်ကိုဟောသောက်သုံးခွင့်ပြုသွားမဟုတ်ဘူးလို့သိရပါတယ်။ ဆော်ဒီမင်းသား ခါလစ်ဘင်ဘန်ဒါအယ်ဆော့ဒ်က ပျော်ပွဲရွှင်ပွဲတွေမှာ ပရိသတ်တွေအနေနဲ့ အယ်လ်ကိုဟောမပါဝင်ဘဲ ဆင်နွှဲသွားရမယ်လို့ဆိုပါတယ်။
ဆော်ဒီသံအမတ်က "လောလောဆယ်မှာတော့ ကျွန်တော်တို့ အယ်လ်ကိုဟောကို ခွင့်မပြုထားပါဘူး။ အယ်လ်ကိုဟောမပါလည်း ပျော်စရာတွေအများကြီးဖန်တီးလို့ရပါတယ်။ ဒါက ၁၀၀ ရာခိုင်နှုန်းလိုအပ်တဲ့အရာမဟုတ်ပါဘူး။ ကွင်းထဲကနေ ပြန်ထွက်ပြီး အိမ်ပြန်တဲ့အချိန်မှာ သောက်လို့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ သောက်ခွင့်ပြုသွားမှာမဟုတ်ပါဘူး"
"နိုင်ငံတိုင်းမှာ သူ့ယဉ်ကျေးမှုနဲ့သူရှိပါတယ်။ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုနယ်နိမိတ်အတွင်းကလူတွေကို လိုက်လျောညီထွေဖြစ်အောင်စီစဉ်ပေးချင်ပေမယ့် ယဉ်ကျေးမှုကို အခြားသူတွေအတွက် ပြောင်းလဲပစ်မှာတော့မဟုတ်ပါဘူး။ လူတွေက အရက်မသောက်ဘဲ တကယ်မနေနိုင်ကြဘူးလား" လို့ပြောကြားခဲ့ပါတယ်။
အခုလို အယ်လ်ကိုဟောသောက်သုံးခွင့်တားမြစ်ချက်ဟာ အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖီဖာနဲ့ လက်တွဲပြီး စပွန်ဆာပေးသွားမယ့် ဘီယာကုမ္ပဏီတွေနဲ့ အချို့အရက်ကုမ္ပဏီတွေအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ၂၀၃၄ ရောက်ရှိဖို့က ၉ နှစ်တောင်လိုအပ်နေသေးလို့ ကြားထဲမှာ ဆော်ဒီအနေနဲ့ သူတို့ရဲ့ အရက်မသောက်ရဆိုတဲ့ရပ်တည်ချက်ကို အဲဒီအချိန်အထိ ဆက်လက်ထိန်းသိမ်းသွားနိုင်မလား စောင့်ကြည့်ရပါဦးမယ်။