ကာလာဖီအိုရီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အာဆင်နယ်ဆီ သတင်းစကားပေးပို့လာတဲ့ ဘိုနူချီ
နောင် ၁၅ နှစ်လောက်အထိ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စံနှုန်းမီအားထားရသူဖြစ်လာမယ့် ကာလာဖီအိုရီကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်း ကြိုးပမ်းနေတယ်လို့ အီတလီဂန္တဝင်ကြီးဘိုနူချီက ယုံကြည်နေပါတယ်။ အခုနွေရာသီ ဈေးကွက်အတွင်း ဂန်းနားတွေက ခံစစ်ပိုင်းဆိုင်ရာ ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ် အသက်-၂၂ နှစ်အရွယ်ကစားသမားကို သတ်မှတ်ထားတာပါ။
အာဆင်နယ်က ကစားသမားကို မြောက်လန်ဒန်အရပ်ဆီ ယူရိုသန်း ၅၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေပြီလို့ ယူဆရပါတယ်။ ဒါပေမယ့် မကြာသေးမီရက်သတ္တပတ်တွေအတွင်း ဘိုလော့ဂ်နာနဲ့ အသင်းဟောင်း ဘေဆယ်လ်တို့အကြား ကစားသမားရဲ့ sell-on clause ပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေ မပြေလည်နိုင်သေးလို့ အပြောင်းအရွှေ့ဆွေးနွေးမှု ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။
ကာလာဖီအိုရီက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘိုလော့ဂ်နာရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးခရီးလမ်းမှာ အဓိကကျတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အီတလီအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ကာလာဖီအိုရီ ပွဲပယ်ပြစ်ဒဏ်ကျခံရချိန်မှာတော့ အီတလီအသင်းက ဆွစ်ဇာလန်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာခဲ့ရပါတယ်။
ဂျူဗင်တပ်စ်ကလည်း ကလပ်ဂန္တဝင်ကြီးရဲ့ပြတ်ပြတ်သားချီးကျူးပြောဆိုမှုကို ရရှိထားတဲ့ အသက်-၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ ဘိုနူချီက ကာလာဖီအိုရီကို လာမယ့်နှစ်တွေအတွင်း ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင် အသင်းအတွက် ကြယ်ပွင့်သစ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Sky Sport Italia နဲ့တွေ့ဆုံချိန် ဘိုနူချီက “ကာလာဖီအိုရီလား? သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကြောင့် ကျွန်တော်ဝမ်းနည်းရပါတယ်။ ကျွန်တော်တော့ သူ့ကို ဂျူဗင်တပ်စ်အတွက် ကစားပေးနေတာပဲ မြင်ချင်ပါတယ်။ သူက ကျွန်တော်တို့ အမြဲလိုလိုမြင်တွေ့နေရတဲ့ ပုံမှန်ခံစစ်မှူးတွေနဲ့ နည်းနည်းလေးမတူကွဲပြားတဲ့ နောက်တန်းကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကစားပုံမှာ ကိုယ်ရည်ကိုယ်သွေးအပြည့်ရှိသလို အံဝင်ခွင်ကျရှိပါတယ်။ ကျွန်တော်တို့က နောင် ၁၅ နှစ်လောက်အထိ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စံချိန်မီအားကိုးအားထားပြုနိုင်မယ့် ကစားသမားကောင်းတစ်ယောက်ကို ရောင်းချနေတာပါ”လို့ ပြောပါတယ်။
အာဆင်နယ်က အခုလအစောပိုင်းမှာပဲ အပြောင်းအရွှေ့အတွက် ကာလာဖီအီုရီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ကာလာဖီအိုရီကို ပြောင်းရွှေ့ကြေးယူရို ၄ သန်းမျှနဲ့ ရောင်းချခဲ့တဲ့ ဘေဆယ်လ်က အခုတစ်ကြိမ်ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နှုန်းကို ခွဲဝေပေးဖို့ တောင်းဆိုနေပါတယ်။
တဖက်မှာလည်း ဘိုလော့ဂ်နာက နောက်ခံလူဟာ ဆွစ်ဇာလန်ကလပ်အသင်းနဲ့ တစ်နှစ်တာကာလမျှသာ လက်တွဲခဲ့ရခြင်း၊ ဆွစ်အခြေစိုက်ကစားသမားဘဝမှာ အီတလီအသင်းလက်ရွေးစင်ဖြစ်မလာခဲ့ခြင်းဆိုတဲ့အချက်တွေကြောင့် အခုလိုပြောင်းရွှေ့ကြေးခွဲဝေပေးဖို့ကိစ္စအပေါ် မကျေမနပ်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့စနေနေ့မှာတော့ ထူးခြားတဲ့လှည့်ကွက်တစ်ခုအဖြစ် ပမာဏကြီးမားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပရီးမီးယားလိဂ်ဆီ ကာလာဖီအိုရီပြောင်းရွှေ့လိမ့်မယ်လို့ ကစားသမားရဲ့ချစ်သူဟောင်းက ဆိုရှယ်မီဒီယာမှတဆင့် အတည်ပြုပေးလာခဲ့ပါတယ်။