The network connection is lost.

Banner Image

ထူးခြားမှုတွေရှိနေတဲ့ ယူရိုဗိုလ်လုပွဲကျင်းပသွားမယ့် ဘာလင်က အိုလံပီယာအားကစားကွင်း

လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတာဖြစ်ပြီး ပွဲစဉ်တွေကို ဘိုင်ယန်မြူးနစ်အိမ်ကွင်း အလီယန်ဇ်အရီနာကနေ ဒေါ့မွန်အိမ်ကွင်းဖြစ်တဲ့ ဝက်စ်ဖော်လန်စတေဒီယန်ကွင်းတွေအပါအဝင် နိုင်ငံရဲ့အကျော်ကြားဆုံး အားကစားကွင်းတွေမှာ ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဘာလင်မြို့မှာရှိနေတဲ့ အိုလံပီယာကွင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်ပွဲကျင်းပရာမှာ အသုံးပြုခဲ့တဲ့ကွင်းတစ်ကွင်းဖြစ်ပြီး အဆိုပါ ကမ္ဘာ့ဖလားမှာ ဇီဒန်းက မာတာရက်ဇီကို ခေါင်းတိုက်ခဲ့တဲ့ အဖြစ်အပျက်အပါအဝင် ကွင်းရဲ့ထူးခြားတဲ့ အသွင်အပြင်တွေကြောင့် နာမည်ကျော်ကြားပါတယ်။ ဒါ့အပြင် ယခုနှစ် ယူရို ၂၀၂၄ ဗိုလ်လုပွဲကိုလည်း အဆိုပါကွင်းမှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။

ယမန်နေ့ညက နယ်သာလန်နဲ့ ဩစတြီးယားတို့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဆင့်နောက်ဆုံး ပွဲစဉ်ကိုလည်း အိုလံပီယာကွင်းမှာပဲ ကျင်းပခဲ့တာကြောင့် ကွင်းရဲ့ထူးခြားတဲ့ အသွင်အပြင်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းအပြီး ဒုတိယပိုင်းပြန်လည် စတင်ချိန်မှာ ကစားသမားတွေဟာ ကွင်းထဲသို့ စက်လှေကားကိုအသုံးပြုပြီး ဝင်လာခဲ့တာဖြစ်ပြီး ဒီအသွင်းအပြင်ဟာ အခြား သာမန်ကွင်းတွေထက် ထူးခြားနေတာဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူ ဂါဘီလိုဂန်က “ကစားသမားတွေက စက်လှေကားနဲ့ ကွင်းထဲကိုဝင်လာကြပါတယ်။ ဒါက ရှင့်အတွက်တော့ ပုံမှန်လုပ်နေကြဖြစ်မှာပါ သောမတ်စ်” လို့ပြောကြားခဲ့ပါတယ်။ ၂၀၀၇ ဂျာမန်ဖလားဗိုလ်လုပွဲကိုယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်ကစားသမားဟောင်း သောမတ်စ်ကလည်း “ကျွန်တော်လည်း စက်လှေကားကိုအသုံးပြုခဲ့ဖူးပါတယ်။ ဒါကဒီကွင်းရဲ့ပျော်စရာကောင်းတဲ့  အချက်တစ်ချက်ပါ” လို့ပြန်လည်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးလိုဂန်က အစီအစဉ်တင်ဆက်သူ စကော့တလန်တိုက်စစ်မှူးဟောင်း ဂျိမ်းစ်မက်ဖက်ဒင်ကို “ကစားသမားတွေ ဒီပုံစံအတိုင်းကွင်းထဲကိုဝင်လာတာ ထူးခြားတယ်လို့မထင်ဘူးလား” လို့မေးမြန်းခဲ့ရာ ကစားသမားဟောင်းက “ဟုတ်တယ်။ ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ ကျွန်တော်လည်း သုံးကြည့်ချင်တယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

တကယ်တော့ အဆိုပါစက်လှေကားဟာ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာနောက်ခံလူ ဒန်နီအဲလ်ဗက်စ်ကြောင့် အင်တာနက်ပေါ်မှာ လူသိများပြီးသားဖြစ်ပါတယ်။ ထိုစဉ်ကနောက်ခံလူဟာ စက်လှေကားကို ရိုးရိုးမစီးဘဲ ခြေထောက်နှစ်ချောင်းကိုပါ လက်တင်တဲ့တန်းပေါ်တင်ပြီး ကားယားခွစီးခဲ့တာဖြစ်ပါတယ်။