ရီးရဲလ်မက်ဒရစ်မှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မှုဟာ မှန်ကန်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ဘန်ဇီးမား
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ဘန်ဇီးမားက ၂၀၂၃ ခုနှစ်အတွင်း လာလီဂါဘီလူးကြီးဆီမှ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချမှတ်နိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။
လာလီဂါချန်ပီယံဆုလေးကြိမ်နဲ့ ချန်ပီယံလိဂ်သရဖူငါးကြိမ်ရယူပြီးနောက် ပြင်သစ်သားက စပိန်နိုင်ငံရဲ့မြို့တော်ကြီးမှာ သူ့ရဲ့မယုံကြည်နိုင်လောက်စရာကစားသမားဘဝကို ကန့်လန့်ကာချလိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ကစားသမားဘ၀ အကောင်းဆုံးရာသီဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဘန်ဇီးမားက ရီးရဲလ်မက်ဒရစ်အတွက် ၄၆ ပွဲကစား၊ ၄၄ ဂိုးအထိ သွင်းယူပြီး အသင်းနဲ့အတူ ပြည်တွင်းပြည်ပချန်ပီယံဆုတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီနောက်မှာ မက်ဒရစ်အခြေစိုက်ကလပ်မှထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို သူချမှတ်ခဲ့ရာ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အသက်-၃၀ နှစ်ကျော်ကစားသမားတွေအပေါ်ထားရှိတဲ့ ကလပ်အသင်းရဲ့ဗျူဟာတစိတ်တပိုင်းအဖြစ်လည်း လက်ခံခဲ့ပါတယ်။
ကလပ်အသင်းသစ်အယ်လ်အစ်တီဟတ်နဲ့အတူ လက်ရှိဆော်ဒီလိဂ်ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ပေမယ့် ဘန်ဇီးမားကတော့ စပိန်နိုင်ငံရဲ့မြို့တော်ကြီးဆီမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် နောင်တရနေတာမျိုး မရှိပါဘူး။
“ကစားသမားတွေကတော့ ဝင်လာလိုက်၊ ထွက်သွားလိုက်ပါပဲ။ ရီးရဲလ်မက်ဒရစ်မှာလည်း အလားတူပါပဲ။ ဒီလိုမျိုး အမြဲတမ်းဖြစ်နေပါလိမ့်မယ်။ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်ထွက်ခွာလာတဲ့အချိန်က မှန်ကန်သင့်လျော်တဲ့ အခိုက်အတန့်ပါပဲ။ ပျော်ရွှင်မိပါတယ်။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားတွေ ဝင်လာလိုက်၊ ထွက်သွားလိုက် ဖြစ်နေပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ထိပ်ဆုံးမှာ အမြဲတမ်းရှိနေခဲ့ပါတယ်”လို့ ဘန်ဇီးမားက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာ ဘန်ဇီးမားက ပြိုင်ပွဲစုံ ၆၄၈ ပွဲကစား၊ ၃၅၄ ဂိုးသွင်းယူပြီး ကလပ်အသင်းဖော်ဟောင်းစီရော်နယ်ဒို(၄၅၀ ဂိုး)ရဲ့နောက်မှာ မက်ဒရစ်အခြေစိုက်ကလပ်ရဲ့ ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။