The network connection is lost.

Banner Image

ဆက်ဆခိုကို နယူးကာဆယ်နဲ့အပြိုင်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ လိုက်ပ်ဇစ်ကြယ်ပွင့် ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့သိရပြီး ကစားသမားကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကလည်း ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။ 

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီယမ်ဒီလပ်နဲ့ ဗစ်တာယော်ကရက်စ်တို့ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ယူနိုက်တက်အနေနဲ့ အသင်းအတွက် နံပါတ် ၉ တိုက်စစ်မှူးသစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ယခုအခါမှာ ဆက်ဆခိုဘက်ကို ဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ကို နည်းပြအာမိုရင်က သူ့ရဲ့အစီအစဉ်တွေမှာ အသုံးချလိုနေတာဖြစ်တယ်လို့ Florian Plettenberg သတင်းဌာနကဆိုပါတယ်။ 

လိုက်ပ်ဇစ်ဘက်ကတော့ ဆက်ဆခိုအတွက်ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၈၀ အထိအလိုရှိနေပြီး အပိုဆုကြေးကိုလည်း ယူရို ၁၀ သန်းအထိသတ်မှတ်ထားတယ်လို့သိရပါတယ်။ အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရတော့ နယူးကာဆယ်ဟာ ဆက်ဆခိုကိုခေါ်ယူဖို့ စနစ်တကျလုပ်ဆောင်နေပြီး မြင့်မားတဲ့တန်ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

လက်ရှိအသင်းရဲ့တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ရဲ့အနာဂတ်က အလှုပ်အခတ်တွေရှိလာခဲ့တာကြောင့် နယူးကာဆယ်အနေနဲ့ ဆက်ဆခိုကို ခေါ်ယူပြီးတိုက်စစ်ကို ပြန်လည်အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဆက်ဆခိုကိုခေါ်ယူဖို့ ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး သတင်းတွေအရ ၂၀၂၃ ခုနှစ်ကတည်းက ခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တယ်လို့ဆိုပါတယ်။ 

အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်အတွက် စုစုပေါင်း ၈၇ ပွဲကစားပြီး ၃၉ ဂိုးအထိသွင်းယူပေးထားတာကြောင့် ဥရောပရဲ့အလားအလာအရှိဆုံး တိုက်စစ်မှူးစာရင်းထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ နယူးကာဆယ်နဲ့ယူနိုက်တက်တို့ဟာ ဆက်ဆခိုကိုခေါ်ယူဖို့ မကြာခင်မှာပဲ အပြိုင်အဆိုင်ကမ်းလှမ်းလာဖွယ်ရှိပြီး ဆလိုဗေးနီးယားလက်ရွေးစင်အနေနဲ့ ဘယ်အသင်းကိုရွေးချယ်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။