The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ လမ်းခွဲတော့မှာလားဆိုတဲ့ မေးခွန်းတွေကို သည်းမခံနိုင်တော့ကြောင်း ပိုစတီကိုဂလူဖွင့်ဟ

တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက အသင်းကနေထွက်ခွာတော့မှာလားဆိုတဲ့ မေးခွန်းတွေကို ဆက်သည်းမခံနိုင်တော့ကြောင့် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။တနင်္ဂနွေနေ့က တော့တင်ဟမ်ဟာ ဘရိုက်တန်ကို ၁-၄ နဲ့အရေးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အနိမ့်ဆုံးအမှတ်ပေးဇယားရပ်တည်မှုအဖြစ် အဆင့် ၁၇ နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။ 

သို့သော်လည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က တော့တင်ဟမ်ဟာ ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူပြီး အသင်းရဲ့ ၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှု ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် တော့တင်ဟမ်ဟာ နည်းပြ ပိုစတီကိုဂလူရဲ့ဦးဆောင်မှုနဲ့အတူ ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလားကို ပြန်လည်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ 

အသင်းအတွက် ဆုဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိပိုစတီကိုဂလူရဲ့ တော့တင်ဟမ်နည်းပြဘဝ အနာဂတ်ဟာ တည်ငြိမ်မှုမရှိသေးဘဲ လာမယ့် ၂၀၂၅-၂၆ ရာသီ အသင်းမှာ ဆက်လက်ကျန်ရှိမလားဆိုတာ မေးခွန်းတစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ 

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာတော့ ဂျာနယ်လစ်တွေက ပိုစတီကိုဂလူကို တော့တင်ဟမ်နဲ့ လမ်းခွဲဖို့ရှိသလားလို့ ဆက်လက်မေးမြန်းခဲ့ကြပြီး ဩစတြေးလျသားက တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ ပိုစတီကိုဂလူက "ကျွန်တော်ရိုးရိုးသားသားပြောရမယ်ဆိုရင် ပွဲတစ်ပွဲအပြီးတိုင်းမှာ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ တောက်လျှောက်အမေးခံနေရပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ကျွန်တော်ဖြေမှာမဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပဲအမေးခံနေတာလဲလို့ တွေးမိပါတယ်။ ကျွန်တော် အသင်းအတွက် အချိန်အကြာကြီးနေမှ ပထမဆုံးအကြိမ် ဖလားဆွတ်ခူးပေးထားခဲ့တာပါ"

"ကျွန်တော်မရှိလည်း အသင်းက သူ့လမ်းကြောင်းနဲ့သူ ဆက်သွားနေဦးမှာပါပဲ။ နှစ်စဉ်နှစ်တိုင်းအောင်မြင်မှုဆွတ်ခူးနိုင်ဖို့ ဒီနှစ်က တွန်းအားတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။လောလောဆယ်မှာတော့ ကျွန်တော် လုပ်နိုင်မယ်လို့ ဘယ်သူမှမထင်ထားတဲ့အရာကို ကျွန်တော်လုပ်ပြပြီးပါပြီ။ ဒါကြောင့် ဒီနေရာမှာထိုင်ပြီး အနာဂတ်အကြောင်းကို ပြောမနေသင့်ပါဘူး။ ကျွန်တော်ကတော့ ဒီလိုပဲထင်ပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှဖြေသွားမှာမဟုတ်ပါဘူး။ ကြိုက်တဲ့ရှုထောင့်ကနေ ကျွန်တော်တို့ကို ကြည့်လို့ရပါတယ်။ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဆုဖလားအောင်မြင်မှုကိုတော့ အကျိုးသက်ရောက်စေမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ တော့တင်ဟမ်ဥက္ကဌ ဒန်နီယယ်လီဗိုင်ဟာ ပိုစတီကိုဂလူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် နွေရာသီအားလပ်ရက်အပြီးမှာတော့ ပိုစတီကိုဂလူတစ်ယောက် တော့တင်ဟမ်သို့ ပြန်လာမလား အသင်းသစ်နဲ့ စတင်လက်တွဲသွားမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။