The network connection is lost.

Banner Image

နယူးကာဆယ်က ပိုမိုများပြားတဲ့ လစာပမာဏနဲ့ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့တဲ့ ဆက်စ်ကို

လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ နယူးကာဆယ်ထံမှ ပိုမိုများပြားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းချက်ရရှိခဲ့ပေမယ့် ယူနိုက်တက်ကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သလို အေဂျင်စီရဲ့ ကော်မရှင်တစ်စိတ်တစ်ပိုင်းကိုလည်း လျှော့ချပေးခဲ့တယ်လို့ သိရပါတယ်။ ယခုအခါမှာ ယူနိုက်တက်ဟာ ဆက်စ်ကိုကိုခေါ်ယူဖို့ ယူရို ၈၅ သန်းနဲ့ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး ကစားသမားဟာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဆေးစစ်မှုတွေ စတင်ပြုလုပ်ဖို့ မန်ချက်စတာသို့ထွက်ခွာလာမှာဖြစ်ပါတယ်။ ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

နယူးကာဆယ်အနေနဲ့ ဆက်စ်ကိုကိုခေါ်ယူနိုင်ဖို့ ပိုမိုမြင့်မားတဲ့ လစာနဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် ကစားသမားဟာ အဆိုပါကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တဲ့အပြင် အယ်လ်ဗစ်ဘာဆာနိုဗစ်ဦးဆောင်တဲ့ သူ့ရဲ့အေဂျင်စီထံမှ ကော်မရှင်ပမာဏတစ်စိတ်တစ်ပိုင်းကိုလည်း အဆုံးရှုံးခံခဲ့တာဖြစ်ပါတယ်။ ဆက်စ်ကိုအနေနဲ့ အခုလို အနစ်နာခံမှုတွေပြုလုပ်ခဲ့တာကြောင့် ယခုအခါမှာ ယူနိုက်တက်သို့ပြောင်းရွှေ့ခွင့်ရတော့မှာဖြစ်ပြီး မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာမှာဖြစ်ပါတယ်။

ဂျာမနီအခြေစိုက် Sky သတင်းဌာနရဲ့အဆိုအရ ယခုအပြောင်းအရွှေ့ရဲ့ သဘောတူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယူနိုက်တက်ဟာ လိုက်ပ်ဇစ်နဲ့ ဂျာမနီမှာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တစ်ပွဲ ကစားသွားရမယ်လို့သိရပါတယ်။ အဆိုပါပွဲစဉ်အတွက် လိုက်ပ်ဇစ်ဟာ ယူရို ၂ သန်းအထိ အမြတ်အစွန်းရရှိသွားမယ်လို့ မျှော်လင့်ထားပါတယ်။ 

ယူနိုက်တက်နဲ့စာချုပ်မချုပ်ဆိုမီ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ဆေးစစ်မှုတွေပြုလုပ်သွားရဦးမှာဖြစ်ပြီး ရာသီသစ်စတင်ဖို့ အချိန်လိုအပ်နေသေးတာကြောင့် အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း ပါဝင်သွားနိုင်ဖို့ရှိနေပါတယ်။