The network connection is lost.

Banner Image

ယူရိုဖလားနဲ့ လွဲချော်ခဲ့ပေမယ့် ချစ်သူထံမှ နှစ်သိမ့်မှုကို ရရှိခဲ့တဲ့ ဘယ်လင်ဟမ်

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ဟာ ယူရိုဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုဖလားနဲ့လွဲချော်ခဲ့ရသော်လည်း သူ့ရဲ့ချစ်သူဖြစ်တဲ့ မော်ဒယ် လော်ရာဆီလီယာဗက်ခ်ထံမှ နှစ်သိမ့်ဗီဒီယိုရရှိခဲ့တာကြောင့် ကျရှုံးမှုကို လွယ်လွယ်ကူကူပဲကျော်ဖြတ်သွားနိုင်ချေရှိပါတယ်။

ဘယ်လင်ဟမ်ရဲ့ချစ်သူ လော်ရာဟာ ယူရိုပြိုင်ပွဲအတွင်း ကစားသမားနဲ့အတူတူ မရှိခဲ့ပေမယ့် ယခုအခါမှာတော့ သူမရဲ့နာမည်ကြီး အင်စတာဂရမ်အကောင့်မှတစ်ဆင့် ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။ ယူရိုပြိုင်ပွဲအတွင်းမှာ ဘယ်လင်ဟမ်ဟာ အင်္ဂလန်အတွက်အရေးပါတဲ့သွင်းဂိုး ၂ ဂိုးကိုသွင်းယူပေးခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ စပိန်ကို တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။

ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲကာလအတွင်းမှာ အင်္ဂလန်ကြယ်ပွင့်တွေဟာ သူတို့ရဲ့ချစ်သူတွေနဲ့အတူတူရှိခွင့်မရခဲ့သလို ဘယ်လင်ဟမ်အနေနဲ့လည်း လော်ရာနဲ့ ရက်သတ္တပတ်များစွာခွဲခွာခဲ့ရတာဖြစ်ပါတယ်။ လော်ရာဟာ အင်္ဂလန်ရဲ့ပွဲတွေကို တစ်ပွဲမှာ သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိပေမယ့် ယခုအခါမှာတော့  ဖော်လိုဝါ ၅ သိန်းရှိတဲ့ သူမရဲ့အင်စတာဂရမ်အကောင့်မှတစ်ဆင့် ဗီဒီယိုတစ်ခုကို ဝေမျှပြီး ဘယ်လင်ဟမ်ကို နှစ်သိမ့်ပေးခဲ့ပါတယ်။

ဗီဒီယိုထဲမှာ လော်ရာဟာ အနီရောင်ပန်းပွင့်ကို ပန်ဆင်ပြီး အဖြူရောင်ဘစ်ကီနီဝတ်စုံကို ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ယခုနှစ်အစောပိုင်းက ဘယ်လင်ဟမ်နဲ့ လော်ရာတို့ဟာ မက်ဒရစ်ရှိအိမ်တစ်အိမ်ထဲမှာ အတူတူနေထိုင်ခဲ့ကြတယ်လို့သတင်းတွေ ထွက်ပေါ်ထားပါတယ်။

လော်ရာဟာ နာမည်ကျော်ကြားတဲ့ မော်ဒယ်တစ်ဦးဖြစ်ရုံမက သူမရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာအတိုင်ပင်ခံ အေဂျင်စီရဲ့ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မကြာမီမှာပဲ သူမဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားမယ့် ဘယ်လင်ဟမ်နဲ့ စပိန်မြို့တော်မှာ ပြန်လည်ပေါင်းစည်းသွားတော့မှာဖြစ်ပါတယ်။ စပိန်ကို ရှုံးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ခဲ့ရတဲ့ ဘယ်လင်ဟမ်ဟာ ပွဲအပြီးမှာတော့ အတော်လေးဒေါသအိုးပေါက်ကွဲနေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆုံးရှုံးမှုကို ဝမ်းနည်းကြေကွဲရကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က “ပြီးခဲ့တဲ့ရက်သတ္တပတ်အတော်များများမှာ ကျွန်တော်တို့ အများကြီးစတေးခဲ့ရပါတယ်။ ရာသီကုန်တာနဲ့တပြိုင်နက် နိုင်ငံအသင်းနဲ့အတူ ပါဝင်ခဲ့ရတဲ့ ပွဲအချိန်ဇယားက ရူးလောက်စရာကောင်းပြီး ခန္ဓာကိုယ်အတွက်လည်း အတော်လေးခက်ခဲခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အားကုန်သုံးပြီး နိုင်ငံအတွက်ပေးဆပ်ခဲ့တာကြောင့် အဆုံးကျမှ ကျရှုံးရတာက တကယ်ကို ရက်စက်လွန်းပါတယ်”  “ဗိုလ်လုပွဲမှာ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးပွဲတစ်ပွဲလို မကစားနိုင်ခဲ့ပေမယ့် သေချာပေါက်ကောင်းမွန်တဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့နီးစပ်ပြီးမှ နောက်ကျသွင်းဂိုးနဲ့ အလဲထိုးခံခဲ့ရသလို ခံစားရပါတယ်။ တကယ်ကို ကြေကွဲစရာပါ။ ကျွန်တော်တို့ဟာ သမိုင်းတစ်ခုဖန်တီးဖို့နဲ့ အင်္ဂလန်ပြည်သူတွေအတွက် ဂုဏ်ယူရအောင်လုပ်ဖို့ထက် အခြားဘာကိုမှ မလိုချင်ခဲ့ပါဘူး။ ကျွန်တော်တို့ လုံလောက်အောင်မကောင်းသေးပါဘူး။ အသင်းနဲ့အတူ ရှေ့ဆက်နိုင်ဖို့ ကြိုးစားသွားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။