The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ‘ဘယ်တော့မှအရှုံးမပေးကြေး’ဆိုတဲ့ ဆောင်ပုဒ်က ခွန်အားဖြစ်စေခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ဘယ်လင်ဂမ်

ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ဘယ်လင်ဂမ်က အုပ်စုအဖွင့်ပွဲစဉ်မှာ ယူနီယံဘာလင်အသင်းဘက်ကို အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ခံစားချက်ကို ဖွင့်ဟပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပင်တိုင်ဂိုးသွင်းစက်တစ်လုံးဖြစ်လာတဲ့ ဘယ်လင်ဂမ်က အိမ်ကွင်းမှာ ယူနီယံဘာလင်အသင်းကို အနိုင်ရရန် ရုန်းကနေရချိန် အချိန်ပို ၄မိနစ် အရောက်တွင် မက်ဒရစ်ကလပ်အတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၅ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲဦးထွက်မှာလည်း အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က ရွှေဘောလုံး ၅ဆုရှင် ရော်နယ်ဒိုရဲ့ လာလီဂါ အစောပိုင်း နေ့ရက်တွေမှ မှတ်တမ်းတွေကိုပါ လိုက်မီလာစေခဲ့တာ ဖြစ်ပါတယ်။
 
ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ် ပွဲဦးထွက်မှာ အရေးပါတဲ့ အနိုင်ဂိုး သွင်းယူနိုင်တဲ့အပေါ် ဘယ်လင်ဂမ်က “ဟုတ်ပါတယ်။ မညာတမ်းပြောရရင် ကျွန်တော့်အနေနဲ့ အချိန်ပိုမိနစ်တွေမှာ ပိုပြီးဂိုးသွင်းခြေတွေ့နေတတ်သလို ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အချိန်ပိုသွင်းဂိုးတွေက ကစားသမားဘဝမှာ ၁၅ဂိုးမက ဖြစ်နေပါပြီ” “အချိန်ပိုရောက်မှာ အနိုင်ဂိုးရတယ်ဆိုတော့ ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့မှာပါ။ ပွဲစဉ်မှာ အနိုင်ရဖို့အရေး အားလုံးလိုအပ်နေကြတာလေ” “ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲစဉ်တစ်ပွဲအတွင်းမှာ ဘယ်လိုမဖြစ်နိုင်တဲ့ အနေအထားကနေ အနိုင်ရတဲ့အထိ ကစားပြနိုင်ခဲ့တာ မြင်ဖူးပါတယ်။ ဒီလိုသမိုင်းကြောင်းတွေ ပြည့်နှက်နေတဲ့ ကလပ်သင်းရဲ့ အရှိန်အဝါကကို သွင်းဂိုးတွေသွင်းယူနိုင်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။