The network connection is lost.

Banner Image

မာကိုရို့စ်ကို ရာထူးကနေထုတ်ပယ်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ကလော့ပ်

လိုက်ပ်ဇစ်ရဲ့ကမ္ဘာလုံးဆိုင်ရာအမှုဆောင် ကလော့ပ်က နည်းပြ မာကိုရို့စ်ကို ရာထူးကနေထုတ်ပယ်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တစ်ခါတုန်းက ချီးကျူးခံခဲ့ရဖူးတဲ့ ရို့စ်ဟာ တတိယရာသီမှာ ရလဒ်တွေဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ အဆိုပါရာသီမှာ လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ်ပထမအဆင့်ကနေထွက်ခွာခဲ့ရသလို ၈ ပွဲမှာလည်း ၁ ပွဲသာအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ရို့စ်တစ်ယောက် လိုက်ပ်ဇစ်ကို ၁၂၅ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ၇၂ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ဂျာမန်ပိုကယ်ဖလား နဲ့ ဂျာမန်စူပါဖလားတွေကို ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့် ၂ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၃ ပွဲသာအနိုင်ရရှိခဲ့ပြီးနောက် ရာထူးကနေအထုတ်ခံခဲ့ရပြီး ချဲလ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုစလော့တ်ကို ရာသီအကုန်အထိ ကိုင်တွယ်စေခဲ့ရတာဖြစ်ပါတယ်။

ဟန်ဂေရီသားဟာ အသင်းရလဒ်ကိုမပြောင်းနိုင်ခဲ့သလို ရာသီအကုန်မှာ လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲသလို ဆုဖလားလက်မဲ့ပါဖြစ်ခဲ့ပါတယ်။ ကလော့ပ်က အခုချိန်မှာ ရို့စ်အထုတ်ခံရတာနဲ့ပတ်သက်ပြီး ဝန်ခံပြောကြားလာခဲ့ပါတယ်။ အက်သလက်တစ်နဲ့အင်တာဗျူးမှာ ကလော့ပ်က “အဲ့တာက မကောင်းပါဘူး။ အဲ့တာက ကျွန်တော့်ဝါသနာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအရာတွေက လုပ်ကိုလုပ်ရပါမယ်။

ကျွန်တော်လိုချင်တာက မှန်ကန်တဲ့အကြောင်းအရာနဲ့ နည်းပြကို ငှားရမ်းချင်တာပါ။ တကယ်လို့ အလုပ်အတူတူပြီးအောင်လုပ်နိုင်ခဲ့မယ်ဆိုရင် အခုလိုမျိုးဖြစ်မလာနိုင်ပါဘူး။ ကျွန်တော်က တည်ငြိမ်တာမျိုးလိုချင်တာပါ။ ပိုယုံကြည်ချင်သလို ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်စေချင်တာပါ။ တကယ်လို့ ခင်ဗျားယုံကြည်တယ်ဆိုရင် အဲ့နောက် ခင်ဗျားယုံကြည်လာနိုင်ပါတယ်။ ကမ္ဘာကြီးက အဲ့လိုပါပဲ။ အိုးမိုင်ဂေါ့။ ခင်ဗျားက အရမ်းကောင်းလိုက်တာ။ အဲ့နောက် အဆင်မပြေတော့ရင် အိုးနိုး။ ခင်ဗျားက သောက်တလွဲဆိုပြီး ပြောမှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်ဟာ နည်းပြသစ်ရှာဖွေဖို့ အချိန်အနည်းငယ်ယူခဲ့ရပြီး ဇွန်လ ၂၄ ရက်နေ့မှာ အသက် ၃၇ နှစ်အရွယ် ဝါနာကို ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ ဝါနာဟာ ဂျာမန်နည်းပြလောကရဲ့တက်သစ်စနည်းပြဖြစ်သလို ၂၀၂၄ - ၂၅ ရာသီမှာ ဝါဒါဘရီမင်နဲ့အတူ ၈ ပွဲဆက်ရှုံးပွဲမရှိစံချိန်အထိ စံချိန်တင်နိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း လိုက်ပ်ဇစ်ဟာ နည်းပြသစ်နဲ့အတူ ရာသီသစ်စတင်နေပြီး ပထမဆုံးဘွန်ဒက်စ်လီဂါ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။ ဝါနာအတွက် အကြီးမားဆုံးစမ်းသပ်မှုက အခုအပတ်ဒေါ့မွန်နဲ့ကစားရမယ့်ပွဲဖြစ်ပါတယ်။