ဆလိုဗက်ကီးယားနဲ့ ပွဲစဉ်မတိုင်ခင် ကြံ့ခိုင်မှုအခြေအနေစိုးရိမ်နေရတဲ့ ဘယ်လင်ဟမ်
အင်္ဂလန်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ဟာ လာမယ့်တနင်္ဂနွေနေ့ ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ရမယ့် ယူရို ရှုံးထွက် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်ခင်မှာ ပွဲပန်းမှုကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ စိုးရိမ်စရာအခြေအနေမှာရှိနေတယ်လို့သိရပါတယ်။
ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းဟာ ၁၆ သင်းအဆင့်ကို အုပ်စုဗိုလ်နဲ့ တက်လှမ်းလာနိုင်ခဲ့ပေမယ့် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အထင်ကြီးလောက်စရာခြေစွမ်းမျိုးပြသထားနိုင်ခြင်းမရှိသေးပါဘူး။ အင်္ဂလန်အသင်းဟာ ခြေစွမ်းထက်မြက်တဲ့ ကြယ်ပွင့်ကစားသမားအများအပြားနဲ့ဖွဲ့စည်းထားပေမယ့် ကစားပုံက ထင်သလိုဖြစ်မလာဘဲ အတော်လေးပျင်းရိစရာကောင်းနေတာကြောင့် ပရိသတ်တွေအနေနဲ့လည်း အသင်းရဲ့ခြေစွမ်းအပေါ် ထိတ်လန့်မှုတွေရှိနေတယ်လို့သိရပါတယ်။
ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်နဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့ပြီး လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ယူရိုပြိုင်ပွဲမှာတော့ ဂါရတ်ဆောက်ဂိတ်ရဲ့လက်အောက်မှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ အသက်-၂၀ နှစ်အရွယ် ကစားသမားဟာ ဆားဘီးယားကိုအနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် ကျန်တဲ့အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ပွဲတွေမှာတော့ ပုံမှန်ခြေစွမ်းအောက်ကို ကျသွားခဲ့တာဖြစ်ပါတယ်။
ဆလိုဗေးနီးယားကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေက အင်္ဂလန်ရဲ့ကစားပုံကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပေမယ့် ဘယ်လင်ဟမ်ကတော့ အပြုသဘောဆောင်သက်ရောက်မှုတွေရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘယ်လင်ဟမ်က “ကျွန်တော်တို့ဟာ ပွဲပြီးတဲ့အထိ အားအင်အပြည့်နဲ့ကစားနိုင်ဖို့လိုပါတယ်။ အုပ်စုနောက်ဆုံးပွဲမှာ ကျွန်တော့်အနေနဲ့ လုံးဝအားအင်ကုန်ခမ်းပြီး သေသွားသလိုတောင်ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့သီချင်းသံကိုကြားလိုက်ရပြီးနောက်မှာတော့ အားတင်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာကျွန်တော်တို့ အကောင်းဆုံးမကစားနိုင်ခဲ့ပေမယ့် ပုံမှန်အတိုင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရေးကြီးတာက ကျွန်တော်တို့အနေနဲ့ ဒီအသင်းရဲ့အင်္ကျီကို ဝတ်ဆင်နေသမျှတော့ ဘယ်တော့မှလက်မလျှော့ဘဲ တိုက်ပွဲဝင်နေရမယ်ဆိုတဲ့ သတိရှိနေဖို့ပါပဲ။ စိတ်ဝင်စားစရာကောင်းတာက ကျွန်တော်တို့ဟာ ကွင်းအပြင်မှာ အနုတ်သဘောဆောင်တဲ့ အဆိုးမြင်မှုတွေနဲ့ကြုံတွေ့ရပေမယ့် ကွင်းထဲကို ရောက်သွားရင်တော့ အရမ်းကွာခြားမှုရှိတယ်ဆိုတာ ခံစားရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်အသင်းဟာ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယုံကြည်လောက်စရာ ခြေစွမ်းမျိုးကို စတင်ပြသသွားနိုင်မလား စောင့်ကြည့်ရပါမယ်။