အချိန်အတော်ကြာကြာ နာကျင်ခံစားရတော့မယ်လို့ ဆိုလိုက်တဲ့ ဘိုင်ယန်ကြယ်ပွင့် ဟယ်ရီကိန်း
အခုမနက်ပိုင်း၊ ဘာလင်မြို့ ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးမှာ စပိန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ဆုဖလားအောင်ပွဲနဲ့ လွဲချော်ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်း ကပ္ပတိန်ဟယ်ရီကိန်းအတွက် ခံစားချက်တွေ ဆိုးရွားလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က ကစားသမားဘဝတစ်ဦးချင်း အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့ပေမယ့် အသင်းလိုက်ဆုဖလားအောင်မြင်မှု ရယူနိုင်ရေးမှာတော့ ကံကြမ္မာဆိုးတွေနဲ့ ဒီနေ့အထိ ရင်ဆိုင်နေရတုန်းပါပဲ။
ဟယ်ရီကိန်းက “အခုအချိန်မှာ ကျွန်တော်တို့အားလုံးခံစားနေတာကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့ ပွဲစဉ်ဆီ ပြန်လာနိုင်ခဲ့ပေမယ့် ဒီအရှိန်အဟုန်ကို တည်ဆောက်ထားဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရတာက ပြန်လာနိုင်ဖို့အတွက် ခက်ခဲသွားစေပါတယ်။ ဒီရှုံးနိမ့်မှုက အခွင့်အရေးကောင်းတစ်ခု လက်လွှတ်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဗိုလ်လုပွဲမျိုးဆီ တက်ရောက်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အခွင့်အရေးရှိချိန်မှာ အမိအရဆုပ်ကိုင်နိုင်ရပါမယ်။ အရမ်းနာကျင်ရသလို အချိန်အတော်ကြာကြာလည်း နာကျင်နေရပါဦးမယ်”လို့ ပြောပါတယ်။
အခုယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းက အီတလီ၊ ခရိုအေးရှား၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်တို့လို ဥရောပထိပ်တန်းအသင်းတွေကို အနိုင်ယူကျော်ဖြတ်ကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။