ရော်နယ်ဒိုက ပေါ်တူဂီအတွက် အလွန်အရေးပါကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မာတီနက်ဇ်
ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က တူရကီနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စူပါစတား တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက အသင်းအတွက် အလွန်အရေးပါနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီဟာ အုပ်စုအဆင့် ပထမဆုံးပွဲစဉ်မှာ ချက်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ယခုတူရကီနဲ့ပွဲစဉ်မှာသာ ဆက်လက်အနိုင်ရခဲ့ပါက နောက်တစ်ဆင့်ကို စောစောစီးစီးတက်ရောက်နိုင်မှာဖြစ်ပါတယ်။ သို့သော် တူရကီကလည်း ပထမပွဲမှာ ဂျော်ဂျီယာကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရထားတာကြောင့် ခြေစွမ်းထက်မြက်နေပြီး ပေါ်တူဂီအတွက် ခြေစွမ်းညီတဲ့ပြိုင်ဘက်ကောင်းဖြစ်လာနိုင်ပါတယ်။
ယခုအခါမှာတော့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ယခုပွဲစဉ်ရဲ့အရေးပါပုံကို "ဒီပွဲက ဒုတိယမြောက်ပွဲဖြစ်လို့ ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ" "တူရကီကလည်း ၃ မှတ်ရထားတော့ လျှော့တွက်လို့ရတဲ့အခြေအနေမဟုတ်ပါဘူး။ အသင်းတိုင်းက အနိုင်ယူဖို့ရည်ရွယ်ချက်နဲ့ ယှဉ်ပြိုင်နေကြတာကြောင့် ပွဲစဉ်တိုင်းက ခက်ခဲနေမှာပါ။ ဒါကပုံမှန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဘော်လွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုဟာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း ပေါ်တူဂီရဲ့ ပွဲထွက်လူစာရင်းမှာပါဝင်ခွင့်ရထားတာဖြစ်ပါတယ်။ ရော်နယ်ဒိုကိုနေရာပေးထားတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အမျိုးမျိုးထုတ်ကြပေမယ့် အသက်-၃၉ နှစ်အရွယ် ကစားသမားရဲ့ အရေးပါပုံကို မာတီနက်ဇ်က "ကျွန်တော် ခင်ဗျားကိုတစ်ခုမေးမယ်။ ပြီးခဲ့တဲ့ရာသီမှာ ရော်နယ်ဒိုဘယ်နှစ်မိနစ်ကစားခဲ့လဲသိလား။ သူက အတွေ့အကြုံရင့်ကစားသမားဖြစ်ပြီး ကျွန်တော်တို့အတွက် အရေးပါနေဆဲပါ။ ပြီးတော့ သူ့ရဲ့သွင်းဂိုးတွေ၊ အခွင့်အရေးဖန်တီးမှုတွေနဲ့ နေရာလွတ်ရှာဖွေပေးနိုင်မှုတွေက အရမ်းအရေးပါပါတယ်။ သူပေါ်တူဂီအသင်းအတွက် ဘာလို့ကစားနေတာလဲဆိုရင် သူနဲ့ထိုက်တန်လို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။