The network connection is lost.

Banner Image

ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပေါ်တူဂီသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ 
 
ဘိုင်ယန်မြူးနစ်နည်းပြသစ် ဗင်းဆင့်ကွန်ပနီအနေနဲ့ အသင်းရဲ့စိတ်ပျက်စရာ ဖလားလက်မဲ့ ရာသီတစ်ခုအပြီးမှာ အသင်းကိုပိုမိုအားကောင်းလာစေဖို့ ကစားသမားကောင်းတွေကို အဓိကထား စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဂျာမန်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ကြီးမားတဲ့ ခေါ်ယူမှုအဖြစ် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူခဲ့ပြီး သွင်းဂိုးတွေ အမြောက်အမြားရရှိခဲ့ပေမယ့် ထူးခြားစွာပဲ ဆုဖလားတော့ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။
 
ဘိုင်ယန်အနေနဲ့ သောမတ်စ်တူချယ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့အတွက် ဆန္ဒရှိခဲ့သော်လည်း ဂျာမန်သားက ထွက်ခွာဖို့သာဆုံးဖြတ်ခဲ့တာကြောင့် ဘန်လေနည်းပြ ကွန်ပနီကို အသင်းရဲ့မန်နေဂျာသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီ သတင်းစာတွေရဲ့ဖော်ပြချက်အရ ကွန်ပနီဟာ ဘိုင်ယန်နည်းပြဘဝမှာ ပထမဆုံးခေါ်ယူမှုအဖြစ် ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်တော့မယ်လို့သိရပါတယ်။
 
အသက်-၂၉ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ကာရာဘောင်ဖလားနဲ့ မကြာသေးမီက အက်ဖ်အေဖလားတို့ကို အဲရစ်တန်ဟက်ရဲ့အသင်းအတွက် ဆွတ်ခူးပေးထားနိုင်တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပေါ်တူဂီလက်ရွေးစင်ရဲ့အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် ဘာစီလိုနာကလည်း ကစားသမားကို စိတ်ဝင်စားနေတာကြောင့် သဘောတူညီမှုရရှိဖို့ တတ်နိုင်သမျှ လျင်လျင်မြန်မြန်လုပ်ဆောင်သွားနိုင်ဖို့လိုအပ်နေပါတယ်။
 
ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်ကစားသမားဘဝ အနာဂတ်ကလည်း မသေချာမရေရာဖြစ်နေပြီး အသင်းအနေနဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ကို ဆက်လက် ခန့်အပ်မှု မခန့်အပ်မှုအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ မကြာသေးမီကတော့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ဆက်လက်နေထိုင်လိုကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ဖူးပါတယ်။
 
ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားအနေနဲ့ နောက်ထပ် အပို ၁ နှစ်ရွေးချယ်ခွင့်ရှိပါသေးတယ်။ လတ်တလောမှာတော့ ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၄ သောင်းအထိ ရရှိနေပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်သို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီမှာ စတင်ရောက်ရှိလာခဲ့ပြီး စုစုပေါင်း ၂၃၃ ပွဲ ကစားထားကာ ၇၉ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၆၆ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။
 
ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်စ်ကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ ကွင်းလယ်ပိုင်းအားနည်းမှုတစ်ရပ်ကို မြင်တွေ့ရနိုင်ချေရှိပြီး အသင်းကိုပြန်လည် တည်ဆောက်တဲ့နေရာမှာ အတော်လေးရုန်းကန်ရနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့သော်လည်း ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် အသင်းကိုအင်အားဖြည့်တင်းနိုင်ဖို့ ကစားသမားသစ်တွေခေါ်ယူသွားမှာဖြစ်ပါတယ်။
 
လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်အနေနဲ့ ဘဏ္ဍာငွေ ပေါင် ၃၅ သန်းခန့်သာ အသုံးပြုခွင့်ရှိနေသော်လည်း ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ အသင်းရဲ့ကစားသမားအချို့ကို ရောင်းချပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ ဘဏ္ဍာငွေရှာဖွေသွားမယ်လို့သိရပါတယ်။