
အိုလီဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ
ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ခရစ္စတော့ဖ်ဖရန့်ဒ်က မိုက်ကယ်အိုလီဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောကြားခဲ့ပါတယ်။ လီဗာပူး၊ မန်စီးတီးနဲ့ ချဲလ်ဆီးတို့လို ပရီးမီးယားလိဂ်ကလပ်တွေက ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ရှိတယ်လို့ ကောလာဟလတွေထွက်ပေါ်နေချိန်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြနေတဲ့ အိုလီဆီဟာ ပီအက်စ်ဂျီအသင်းအပါအဝင် ထိပ်တန်းကလပ်အများအပြားရဲ့ စိတ်ဝင်စားမှုကိုခံနေရပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက ၅၄ ဂိုး ပါဝင်ပတ်သက်ခဲ့ပြီး ဂိုးဖန်တီးမှုတွေလည်းပြုလုပ်ခဲ့ကာ ဒီရာသီမှာတော့ ၁၀ ပွဲမှာ ၁၁ ဂိုးအထိ ပါဝင်ပတ်သက်ထားပါတယ်။ ဒါပေမဲ့ ဖရန့်ဒ်က ဘိုင်ယန်အသင်းအနေနဲ့ ရောင်းချဖို့ ဖိအားတွေမရှိဘူးလို့ Sky90 ကိုပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့က ဘာဖိအားမှမရှိပါဘူး။ သူ့အနေနဲ့ လာမယ့် ၇ နှစ်၊ ၈ နှစ်၊ ၉ နှစ်လောက်အထိ ဘိုင်ယန်မှာကစားနေတာကို ကျွန်တော်တို့မြင်ယောင်ကြည့်လို့ရပါတယ်။ မိုက်ကယ်မှာ ရေရှည်စာချုပ်ရှိပါတယ်၊ သူက သူ့ရဲ့စွမ်းဆောင်ရည်တွေကို သက်သေပြခဲ့ပြီး ရှေ့ဆက်တိုးတက်လာခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။ အိုလီဆီရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိရှိပြီး ဘိုင်ယန်အသင်းက သူ့ရဲ့အနာဂတ်ကို ပိုမိုခိုင်မာစေဖို့ စာချုပ်အသစ်တစ်ခုကို ပြင်ဆင်နေတယ်လို့သိရပါတယ်။