ဂျာမနီမှာ အခြေချတော့မယ့် မန်စီးတီးလူငယ်ကစားသမား ဂျာမိုင်းဆင်မ်ဆင်-ပူဆေး
မန်စီးတီးလူငယ်ကစားသမား ဂျာမိုင်းဆင်မ်ဆင်-ပူဆေးဟာ အက်ဖ်စီကိုလုံးအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာကနေ အပြီးသတ်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ပူဆေးဟာ ၂၀၂၄-၂၅ ရာသီတုန်းက နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးစီနီယာအသင်းကြီးအတွက် ၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ပွဲထွက်ခွင့် စတင်ရရှိခဲ့သူပါ။
အဲ့ဒီနောက်မှာတော့ ပူဆေးဟာ ပြီးခဲ့တဲ့နွေရာသီက ဆဲလ်တစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး၊ အသင်းက ပြန်လည်ခေါ်ယူခဲ့ပြီးတဲ့နောက်မှာတော့ အက်ဖ်စီကိုလုံးအသင်းဆီ တစ်ဖန်ပြန်လည် အငှားချခဲ့ပြန်ပါတယ်။ အဲ့ဒီမှာ သူဟာ ၁၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။
သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘာ့ဂ်ရဲ့ အဆိုအရ ဂျာမနီကလပ် ကိုလုံးအသင်းဟာ ဒီဗဟိုနောက်ခံလူကို ယူရို ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။
မူလက ကိုလုံးအသင်းရဲ့ အငှားစာချုပ်ထဲမှာ ယူရို ၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါရှိခဲ့ပေမဲ့ မန်စီးတီးအသင်းနဲ့ ပြန်လည်ညှိနှိုင်းခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုမျိုး ဈေးနှုန်းလျှော့ချပြီး သဘောတူညီမှု ရရှိခဲ့တာပါ။
အခုလူငယ်ကစားသမားလေးဟာ ဘွန်ဒက်လီဂါကလပ်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုလည်း ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးပြီ ဖြစ်ပါတယ်။