The network connection is lost.

Banner Image

ဒီရာသီတွေ့ဆုံမှု ၄ ပွဲမြောက်မှာတော့ လေဗာကူဆင်ကို အနိုင်ရဖို့မျှော်လင့်ထားတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီမှာ လေဗာကူဆင်နဲ့ ၃ ပွဲအထိကစားခဲ့ရပြီဖြစ်ပေမယ့် နိုင်ပွဲမရရှိသေးတာကြောင့် ယခုအခါ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အနိုင်ရဖို့မျှော်လင့်ထားကြောင်း နည်းပြဗင်းဆင့်ကွန်ပနီက ပြောကြားလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားပေမယ့် လေဗာကူဆင်နဲ့ လိဂ်အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ ၂ ကြိမ်စလုံး သရေရလဒ်သာရရှိခဲ့သလို၊ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာထားခဲ့ရတာဖြစ်ပါတယ်။ 

လေဗာကူဆင်နဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကွန်ပနီက "ကျွန်တော်ရော အလွန်ဆိုရော ဒီပွဲထဲမှာ ဝင်ကစားလို့မရပါဘူး။ ဒါပေမယ့် ဒီပွဲမှာကစားမယ့် နှစ်ဘက်အသင်းကစားသမားတွေမှာ တစ်ဦးချင်းအရည်အသွေးတွေရှိနေပါတယ်။ ဒါကြောင့် ဒီပွဲအတွက် ကျွန်တော်တို့စိတ်ကြိုက် အစီအစဉ်တွေဆွဲသွားမှာဖြစ်ပြီး ကစားသမားတွေက ကျွန်တော်တို့လိုချင်တာကို ရအောင်လုပ်ကြရမှာပါ"

"လေဗာကူဆင်နဲ့ရင်ဆိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၃ ပွဲစလုံးမှာ မတူညီတဲ့အကြောင်းအရာတွေရှိပါတယ်။ ဒါပေမယ့် အဲဒီ ၃ ပွဲစလုံးမှာ ကျွန်တော်တို့ အမြင့်ဆုံးစွမ်းဆောင်ရည်တွေနဲ့ ကစားခဲ့ကြတာပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကွန်ပနီလက်ထက်မှာသာမက လေဗာကူဆင်ကို အနိုင်မရသည်မှာ ၆ ပွဲဆက်တိုက်ရှိနေပြီလည်းဖြစ်ပါတယ်။သို့သော်လည်း လက်ရှိဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာတော့ ဘိုင်ယန်မြူးနစ်ဟာ လေဗာကူဆင်ကို ၈ မှတ်အထိဖြတ်တောက်ပြီး ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ပါတယ်။ 

ဆက်လက်ပြီး ကွန်ပနီက "ကျွန်တော်တို့ ဒီပွဲမှာ ကစားအားချသွားမှာမဟုတ်သလို၊ လာမယ့်အပတ် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဒီအတိုင်းပဲကစားသွားမှာပါ။ လေဗာကူဆင်ရဲ့အရည်အသွေးတွေအတွက် ကျွန်တော်တို့အသင်းအနေနဲ့ အဖြေရှာနိုင်မယ်လို့မျှော်လင့်ပါတယ်။ အသင်းလိုက်ကစားပုံအရရော၊ တစ်ဦးချင်းကစားပုံအရပါ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကစားသွားမှာပါ"

"ဒုတိယအကျော့က အဆုံးအဖြတ်ဖြစ်လာမယ်ဆိုပေမယ့် မနက်ဖြန်ပွဲကလည်း အရမ်းအရေးကြီးပါတယ်။ ၂ ပွဲကစားသွားရမှာဖြစ်ပြီး အခုကအိမ်ကွင်းမှာကစားရမှာဆိုတော့ ထူးခြားတာတွေဖြစ်လာဖို့ရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။