The network connection is lost.

Banner Image

အသင်းဆရာဝန်ရုတ်တရက်ကွယ်လွန်မှုကြောင့် လာလီဂါပွဲစဉ်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဘာစီလိုနာ

အသင်းဆရာဝန်ကားလက်စ်မီနဲရိုးဂါစီယာရုတ်တရက်ကွယ်လွန်မှုကြောင့် အခုသီတင်းပတ်ကုန်၊ အိုဆာဆူနာနဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ဖို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ကို ပရိသတ်တွေကိုယ်တိုင်လည်း ပွဲမစခင် ၁၅ မိနစ်အလိုမှသာ သိရှိခဲ့တာပါ။

ဘာစီလိုနာအသင်းထုတ်ပြန်ချက်တစ်ခုမှာ ရုတ်တရက်ကွယ်လွန်မှုဖြစ်စဉ်အပေါ် အလွန်ဝမ်းနည်းမိပြီး အခုလိုခက်ခဲလှတဲ့အချိန်ကာလတစ်ခုအတွင်း ကားလက်စ်မီနဲရိုးဂါစီယာမိသားစုနဲ့အတူ ထပ်တူထပ်မျှရှိနေပါမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဘက်က ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်မဖော်ပြခဲ့ပေမယ့် ဒေသအခြေစိုက်မီဒီယာတွေရဲ့အဆိုအရ ဆေးဘက်ဆိုင်ရာအကြောင်းပြချက်တွေကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာနောက်ခံလူ အရူဂျိုက “ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး။ R.I.P ပါ ဒေါက်တာ”လို့ X (ယခင် Twitter) လူမှုကွန်ရက်မှတဆင့် မျှဝေလာခဲ့ပါတယ်။ အသက်-၅၀ နှစ်အရွယ် ကားလက်စ်မီနဲရိုးဂါစီယာက ဘာစီလိုနာအသင်းရဲ့ဖူဆယ်ဘောလုံးအသင်းမှာ တာဝန်ယူခဲ့ပြီးနောက် စီနီယာအသင်းဆီ ဆေးဝန်ထမ်းအဖြစ် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အိုဆာဆူနာအသင်းကလည်း ဘာစီလိုနာအသင်းရဲ့ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုမှုကို လက်ခံပေးခဲ့သလို စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း အခုပွဲစဉ်ရွှေ့ဆိုင်းမှုကို တရားဝင်အတည်ပြုပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌလာပေါ်တာကတော့ ပွဲမစတင်ခင်နာရီပိုင်းအလို အသင်းစုဖွဲ့နေချိန် မီနဲရိုးဂါစီယာ ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းတွေအရ အသင်းတည်းခိုရာဟိုတယ်မှာ မီနဲရိုးဂါစီယာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ လာပေါ်တာက “မီနဲရိုးဂါစီယာကို လူတိုင်းချစ်ခင်ကြလို့ ကစားသမားတွေရော၊ နည်းပြတွေရော၊ ဝန်ထမ်းတွေပါ အားလုံး ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ ဒီပွဲစဉ်ကိုရွှေ့ဆိုင်းဖို့တောင်းဆိုမှုသာ အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် လာပေါ်တာက အခုလိုစာနာနားလည်ထောက်ထားပေးမှုအတွက် အိုဆာဆူနာအသင်းနဲ့ လာလီဂါဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ရှိပါတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာက အနီးဆုံးပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်ထက် တစ်မှတ်အသာဖြင့် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ အခုပွဲစဉ်ပြန်ကစားမယ့်နေ့ရက် ထပ်မံကြေညာပေးသွားပါလိမ့်မယ်။