ဘဏ္ဍာရေးပြဿနာကြောင့် နည်းပြဟန်စီဖလစ်ခ်ကို မှတ်ပုံတင်ဖို့ အခက်တွေ့နေတဲ့ ဘာစီလိုနာ
ကလပ်အသင်အတွင်း ဘဏ္ဍာရေးပြဿနာတွေ ဆက်လက်တည်ရှိနေမှုကြောင့် ဘာစီလိုနာအသင်းဟာ နည်းပြသစ် ဟန်စီဖလစ်ခ်ကို တရားဝင်မှတ်တင်နိုင်ဖို့အရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာပဲ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီအသင်းနည်းပြဟောင်းက ဇာဗီရဲ့နေရာမှာ အစားထိုးမယ့် ဘာစီလိုနာ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရပါတယ်။
ဇာဗီက ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရာသီကုန်ဆုံးချိန်၊ အသင်းမှ ထွက်ခွာမယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ကလပ်အသင်းနဲ့လမ်းခွဲမယ့် သူ့ရဲ့မူလဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ ဇာဗီတို့အကြား သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာခဲ့ပြီး နည်းပြဖြစ်သူကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလို ဘာစီလိုနာဘုတ်အဖွဲ့ဝင်တွေက နူးကမ့်ဆီ ဟန်စီဖလစ်ခ်ကို ခေါ်ယူဖို့ လှုပ်ရှားခဲ့ပြီး ချန်ပီယံလိဂ်ဖလားသိမ်းပိုက်နိုင်ခဲ့ဖူးတဲ့နည်းပြနဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် Marca သတင်းဌာနရဲ့အဆိုအရ ဘာစီလိုနာဟာ ဟန်စီဖလစ်ခ်ကို လာလီဂါဘောလုံးအဖွဲ့ချုပ်ထံ နည်းပြသစ်အဖြစ် မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒါက ဘာစီလိုနာအတွက် ပထမဆုံးအတွေ့အကြုံတော့ မဟုတ်ပါဘူး။ သူတို့တွေက ဘဏ္ဍာရေးပြဿနာတွေကြောင့် လတ်တလောဘောလုံးရာသီတွေမှာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို မှတ်ပုံတင်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ စီနီယာကစားသမားများစွာလည်း အသင်းအတွက် တရားဝင်ကစားပေးနိုင်ဖို့ စောင့်ဆိုင်းနေရမှုတွေ ရှိနေပါတယ်။
ကတ္တလန်ဒေသခံကလပ်အသင်းဘက်ကလည်း လတ်တလောဘဏ္ဍာရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အနာဂတ်ရုပ်သံလွှင့်မူပိုင်ခွင့်နဲ့ ပုံရိပ်အခွင့်အရေးတွေ ရောင်းချခြင်းအပါအဝင် စီးပွားရေးဆိုင်ရာတွန်းအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တာကာလ၊ ဘဏ္ဍာရေးပြဿနာ အဆိုးရွားဆုံးအချိန်မှာ ဘာစီလိုနာအသင်းဘက်က ‘Barca Studios’ ရဲ့ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံသူတွေထံ ရောင်းချခဲ့ရပြီး ကလပ်အသင်းရဲ့အစိတ်အပိုင်းတွေကိုလည်း တစ်ဦးချင်းလူပုဂ္ဂိုလ်တွေဆီ ရောင်းချဖို့ အတွက်လည်း စဉ်းစားခဲ့ဖူးပါတယ်။
လက်ရှိမှာ ကလပ်အသင်းဘက်က ‘Barca Studios’ ရဲ့ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူထားတဲ့ Libero ထံမှ ငွေသားပေါင် ၈၅ ဒဿမ ၅ သန်းပေးချေလာမှုကို စောင့်ဆိုင်းနေရသလို ဂျာစီစပွန်ဆာ Nike နဲ့လည်း ပမာဏတူစပွန်ဆာစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ဒီပေးချေမှုနှစ်ခုလုံးက ဟန်စီဖလစ်ခ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့ အခက်တွေ့နေစေတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြီးဆီ တိုက်ရိုက်စီးဝင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဘာစီလိုနာ ဥက္ကဋ္ဌလာပေါ်တာကိုယ်တိုင်ကလည်း ကစားသမားသစ်တွေ ခေါ်ယူပေးမယ်လို့ အာမခံချက်ပေးခြင်းဖြင့် မရေရာတဲ့ အခြေအနေတွေအောက် တည်ငြိမ်မှုရှိနေစေဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီလိုကစားသမားသစ်တွေ ခေါ်ယူချင်တယ်ဆိုရင် နောက်ထပ်ငွေကြေးစီးဆင်းမှုအသစ်တွေ ရရှိဖို့ လိုအပ်နေပါတယ်။ တဖက်မှာလည်း ဘာစီလိုနာက လာလီဂါရဲ့အသုံးစရိတ်စည်းမျဉ်းတွေနဲ့အညီ အသင်းရဲ့လုပ်ခလစာပေးချေမှုအတိုင်းအဆကို ပြန်လည်လျှော့ချသွားဖို့ လိုအပ်နေပါတယ်။
နည်းပြဟောင်း ဇာဗီကိုယ်တိုင်ကလည်း ကလပ်အသင်းဖြေရှင်းဖို့ကြိုးပမ်းနေရတဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် သူ့ရဲ့နေရာဆက်ခံသူဟာ ဒုက္ခလှလှတွေ့သွားနိုင်တယ်လို့ ဘာစီလိုနာနည်းပြဘဝနောက်ဆုံးပွဲစဉ်မှာ သတိပေးရှင်းပြခဲ့ပါတယ်။
ဆီဗီလာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဇာဗီက “ နည်းပြသစ်အဖြစ် တာဝန်ယူမယ့်သူဆီ ကျွန်တော်ပြောချင်တာကတော့ ဒုက္ခတွေ့လိမ့်မယ်ဆိုတာပါပဲ။ ဒါက ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်သလို စိတ်ရှည်သည်းခံဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့အခြေအနေမျိုးမှာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ရတဲ့ အလုပ်တွေအပေါ် လုံလောက်တဲ့ တန်ဖိုးထားမှုမျိုး မရှိခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ရောက်ရှိလာချိန်မှာ အသင်းက အဆင့်-၉ နေရာမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့က အမှတ်ပေးဇယားဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ နောက်ရာသီမှာ လာလီဂါ ချန်ပီယံဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။