နီကိုဝီလျံကို ခေါ်ယူဖို့ အကြိတ်အနယ်ကြိုးစားလာတဲ့ ဘာစီလိုနာအားကစားဒါရိုက်တာဒေကို
ဘာစီလိုနာအသင်းက နီကိုဝီလျံကို တက်နိုင်သမျှအမြန်ဆုံးခေါ်ယူနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။ အသက်-၂၁ နှစ်အရွယ် တောင်ပံကစားသမားက ယူရို-၂၀၂၄ ပြိုင်ပွဲအလွန် ဘာစီလိုနာအသင်းရဲ့အဓိကပစ်မှတ်ဖြစ်လာခဲ့ပြီး လာမယ့်ကာလတွေမှာ ဒီထက်ပိုကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
ယမန်နေ့(ဗုဒ္ဓဟူးနေ့)အစောပိုင်းမှာပဲ ဘာစီလိုနာအသင်းနဲ့ နီကိုဝီလျံတို့အကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကတ္တလန်ဒေသခံကလပ်နဲ့နီးစပ်တဲ့သတင်းသမား ဂါရတ်ရိုမီရိုကတော့ အခုအပြောင်းအရွှေ့ကို အားကစားဒါရိုက်တာဒေကိုကိုယ်တိုင် အနီးကပ်ကိုင်တွယ်နေပေမယ့် နှစ်ဖက်အကြား သဘောတူညီမှုမရရှိသေးဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် စာချုပ်တစ်ရပ်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းမှုအဖြစ် ပေါ်တူဂီသားက နီကိုဝီလျှံရဲ့အေးဂျင့်တိုင်တာနဲ့ ယမန်နေ့၊ မွန်းလွဲပိုင်းမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းမှာပဲ အသင်းဥက္ကဋ္ဌလာပေါ်တာက ဒေကိုဆီ ဝီလျံရဲ့ကိုယ်စားလှယ်တွေနဲ့ တက်နိုင်သမျှအမြန်ဆုံး သဘောတူညီမှုတစ်ခုရရှိအောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက ကစားသမားအတွက် ဘီလ်ဘာအိုဆီ စာချုပ်ဖျက်သိမ်းကြေးပေးချေရန် အဆင်သင့်ဖြစ်နေပြီလို့ မှတ်ယူနိုင်ပါတယ်။
ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခြင်းက ဘာစီလိုနာအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပေမယ့် အပြောင်းအရွှေ့ကိစ္စနိဂုံးချုပ်နိုင်ရေးအတွက် လာလီဂါအဖွဲ့ချုပ်ရဲ့အတည်ပြုမှုကို စောင့်ဆိုင်းပေးရဖွယ်ရှိပါတယ်။ လာလီဂါရဲ့အတည်ပြုမှုရရှိမှသာ အပြောင်းအရွှေ့ တရားဝင်ဖြစ်ပေါ်လာနိုင်ပါလိမ့်မယ်။