
ဒီဂျောင်နဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ ဘာစီလိုနာဥက္ကဌအခိုင်အမာဆို
ဘာစီလိုနာအသင်းရဲ့ဥက္ကဌ ဂျိုအန်လာပေါ်တာက ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ အသင်းမှာပျော်ရွှင်နေတာကြောင့် မကြာမီမှာပဲ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိတော့မယ်လို့ အခိုင်အမာပြောကြာားလာခဲ့ပါတယ်။ ဒီဂျောင်အနေနဲ့ မကြာသေးမီရာသီအချို့မှာ ဒဏ်ရာပြဿနာတွေတောက်လျှောက်ကြုံတွေ့ခဲ့ရပြီး ပုံစံကောင်းရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘာစီလိုနာအနေနဲ့ ရောင်းချဖို့ စိတ်ကူးထားခြင်းမရှိဘဲ အသင်းမှာဆက်လက်ထိန်းသိမ်းဖို့သာ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ ဆက်တိုက်ကြိုးစားခဲ့သလို၊ ကစားသမားရဲ့ လစာပမာဏက ကြီးမားပေမယ့် ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ကတော့ အသင်းမှာသာ ဆက်လက်အလိုရှိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ဒီဂျောင်အနေနဲ့ ဒဏ်ရာပြဿနာကင်းစင်ပြီး ထိပ်တန်းခြေစွမ်းပြန်လည်ရရှိခဲ့တာကြောင့် ဖလစ်ဟာ နယ်သာလန်သားကို အသင်းမှာဆက်ထားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယခုအခါမှာ လာပေါ်တာက “ကျွန်တော်တို့ ဖရန်ကီဒီဂျောင်ကို အသင်းမှာ အချိန်အကြာကြီးလက်တွဲသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေလို့ပါ။ သူ့ရဲ့စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပြီး မကြာခင်မှာပဲ သဘောတူညီမှုရရှိမယ်လို့ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင်နည်းပြ ရော်နယ်ကိုးမန်းကလည်း ဒီဂျောင်နဲ့ပတ်သက်ပြီး “သူ ဘာစီလိုနာမှာ အချိန်တွေအကြာကြီးအဆင်ပြေခဲ့တာကြောင့် အဲဒီမှာဆက်နေချင်နေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဘာပြဿနာမှရှိမယ်မထင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ နွေရာသီအားလပ်ရက် အပန်းဖြေခရီးထွက်နေပြီး လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှသာ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျောင်အနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုကြောင်းကို ဇူလိုင်လနှောင်းပိုင်း ၂၀၂၅-၂၆ ရာသီမစတင်မီမှာပဲ ကြေညာသွားဖွယ်ရှိပါတယ်။