
ရီးရဲလ်မက်ဒရစ်ကို အမီလိုက်နိုင်ရန် ဘာစီလိုနာအတွက် နိုင်ပွဲတွေ လိုအပ်နေတယ်လို့ ပြောဆိုခဲ့တဲ့ ဟန်စီဖလစ်ခ်
ယမန်နေ့၊ အလာဗက်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိမှုနဲ့အတူ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ရီးရဲလ်မက်ဒရစ်နဲ့ လေးမှတ်အကွာအထိ ရောက်ရှိလာခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ပတ်သက်လို့ နည်းပြဟန်စီဖလစ်ခ်က ကျေနပ်အားရနေပေမယ့် အမှတ်ပေးချန်ပီယံဆုပြေးလမ်းထက် ဆက်ရှိနေဖို့ ဘာစီလိုနာအသင်းမှာ ဖိအားတွေရှိနေတယ်ဆိုတာကိုလည်း သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ အက်စ်ပန်ညိုကို ရီးရဲလ်မက်ဒရစ်အသင်း ရှုံးနိမ့်မှုက ဘာစီလိုနာအတွက် ဒီဇင်ဘာ-ဇန်နဝါရီကာလ လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုအတွင်း ဆုံးရှုံးခဲ့ရတဲ့ အမှတ်တွေကို ပြန်လည်ဆယ်ယူနိုင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ ဒီနေ့မှာ အလာဗက်စ်လို ခံစစ်ကစားပုံအရမ်းကောင်းတဲ့ ပြိုင်ဘက်နဲ့ ခက်ခဲတဲ့ပွဲစဉ်တစ်ခုကို ရင်ဆိုင်ခဲ့ရလို့ ကျွန်တော်တို့တွေ တကယ့်ကိုကောင်းမွန်လွန်းတဲ့ အဖြေတစ်ခု ပေးနိုင်ခဲ့ပါပြီ။
ဒါက ကျွန်တော်တို့အတွက် အရင်ထက်ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ နိုင်ပွဲရရှိဖို့ မဖြစ်မနေလိုအပ်ခဲ့ပါတယ်။အသင်းကစားသမားတွေကိုယ်တိုင်လည်း သူတို့အပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေကြောင့် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့နောက်၊ လာလီဂါအမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပါတယ်။
ဟန်စီဖလစ်ခ်က “ အက်သလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က အံ့မခန်းအသင်းကောင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် လုပ်သွားရပါမယ်။ ကျွန်တော်တို့ ရမှတ်အချို့ပြတ်ကျန်နေပြီး နိုင်ပွဲတွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ဘက်တွေဆီ ဖိအားတွေပေးသွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး နည်းပြက ဘာစီလိုနာအသင်းကို နောက်တစ်ဆင့်မြှင့်တင်ပေးပြီး အခုပွဲစဉ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့ လာလီဂါရွှေဖိနပ်ဆုပြိုင်ပွဲဦးဆောင်သူ လီဝန်ဒေါစကီးရဲ့ခြေစွမ်းကိုလည်း အားရကျေနပ်နေခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “လီဝန်ဒေါစကီးဟာ ဂိုးဧရိယာအတွင်း အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ ဒီနေ့မှာ သူသွင်းယူပေးခဲ့တဲ့ဂိုးက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ဟန်စီဖလစ်ခ်က ဘာစီလိုနာတိုက်စစ်ပိုင်းမှာ အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်ကစားကာ အခွင့်အရေးတွေ ဖန်တီးရင်း လီဝန်ဒေါစကီးရဲ့သွင်းဂိုးအတွက် ပါဝင်ပတ်သက်ခဲ့တဲ့ အသက်-၁၇ နှစ်အရွယ် ယာမယ်လ်ရဲ့စွမ်းဆောင်ရည်ကိုလည်း သဘောကျနေခဲ့ပါတယ်။ သူက “ ဒီနေ့၊ အချို့သောအခြေအနေတွေမှာ ယာမယ်လ်လုပ်ပြခဲ့တဲ့အရာတွေက တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ ဘာစီလိုနာအတွက် ယာမယ်လ်ပါဝင်ကစားပေးနေလို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး နည်းပြက ကိုနက်ချီနဲ့ ဦးခေါင်းချင်းတိုက်မိခဲ့ပြီးနောက် လူစားလဲလှယ်ခဲ့ရတဲ့ ဂါဗီရဲ့အခြေအနေ မဆိုးရွားပါဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ ဂါဗီ ဘာမှမဖြစ်ပါဘူး။ သူ အိမ်ပြန်သွားပြီထင်ပါတယ်။ ဒါ သတင်းကောင်းပါပဲ”လို့ ဆိုပါတယ်။