
The network connection is lost.

အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို အသားရကာ လာလီဂါချန်ပီယံဆုအား ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာနည်းပြ ဘဝ ဒုတိယမြောက် ဘောလုံးရာသီမှာပဲ လာလီဂါချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့တဲ့ နည်းပြ ဇာဗီကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းကျန်စေမယ့် ၂ နှစ်စာချုပ်ထပ်မံ ချုပ်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။
နည်းပြ ဇာဗီအနေဖြင့် ကာတာကလပ်အသင်းကနေ ဘာစီလိုနာအသင်းရဲ့ နည်းပြ အဖြစ် ရောက်လာပြီး ပွဲဦးထွက်ရာသီမှာပဲ စပိန်စူပါဖလားကို ချန်ပီယံအဖြစ် ဆွတ်ခူးနိုင်ခဲ့သလို ၂နှစ်အကြာတွင် ပြည်တွင်း အမှတ်ပေးပြိုင်ဖြစ်တဲ့ လာလီဂါမှာ ချန်ပီယံအဖြစ် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လာလီဂါချန်ပီ ဘာစီလိုနာအသင်းအနေဖြင့် ယခုနှစ်ရာသီကစားထားတဲ့ ပွဲစဉ် ၅ ပွဲမှာ ၄ပွဲအထိ အနိုင်ကစားနိုင်ခဲ့သလို ၁ ပွဲသရေဖြင့် ပွဲစဉ်အားလုံးကို အနိုင်ကစားထားတဲ့ အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ် ၂မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။
ကတ္တလန်အခြေစိုက်ကလပ်အနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အဖွင့်လှခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ရိုယယ်လ်အန့်ဝက်ဒ်နဲ့ ပွဲစဉ်တွင် ဖီးလစ်၊ ဒေါစကီးတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၅ဂိုး - ၀ဂိုး ဖြင့် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဘက်က လာလီဂါ ချန်ပီယံနည်းပြကို စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုရန် ယခုလ အစောပိုင်းမှာ သတင်းထွက်နေခဲ့ပေမဲ့ ချက်ချင်းဆိုသလို စာချုပ်သက်တမ်း တိုးမြှင့်ရေးအတွက် နည်းပြ ဇာဗီနဲ့ ကလပ်အကြီးအကဲတွေရဲ့ အကြားတွင် သဘောတူညီမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့တာနဲ့ ပက်သက်လို့ နည်းပြ ဇာဗီက “ကျွန်တော် ဘာကာမှာ နေရတာ ပျော်ပါတယ်။ ကလပ်ရဲ့ စီမံကိန်းတွေ ချမှတ်ထားတဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာပါ။ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့ ကိစ္စကို မကြာခင်မှာပဲ ကြေငြာပါလိမ့်မယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။