အခုထက်ပိုပြီး တိုးတက်ဖို့လိုအပ်သေးတယ်လို့ အာမက်ကို ပြောကြားလိုက်တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက အဲဗာတန်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းကောင်းပြသခဲ့ပြီး ဂိုးဖန်တီးမှုတွေလည်းပြုလုပ်နိုင်ခဲ့တဲ့ တောင်ပံကစားသမား အာမက်ဒီယာလိုကို အခုထက်ပိုပြီး တိုးတက်ဖို့လိုအပ်နေသေးတယ်လို့ သတိပေးစကားပြောကြားလာခဲ့ပါတယ်။
ညာတောင်ပံကစားသမားဟာ ယခုပွဲဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး အဲဗာတန်ရဲ့နောက်တန်းကို တောက်လျှောက်မွှေနှောက်နေခဲ့ကာ အာမိုရင်အတွက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲဖော်ဆောင်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နိုင်ခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက်ပွဲထွက်ခွင့်ရခဲ့ပြီး ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်ပရိသတ်တွေက အာမက်ဆို ဆိုရှယ်မီဒီယာမှာ ချီးကျူးပြောဆိုမှုတွေအများအပြားပြုလုပ်ထားကြသလို၊ အာမိုရင်ကလည်း ချီးကျူးစကားဆိုခဲ့ပေမယ့် ဒီလိုခြေစွမ်းမျိုးကို ထပ်မံတိုးတက်အောင်ကြိုးစားသွားရဦးမယ်လို့လည်း သတိပေးစကားပြောကြားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီသားက “သူက ပါရမီရှင်ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် အကောင်တော့သေးပါတယ်။ ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြခဲ့ပေမယ့် တိုးတက်ဖို့တော့လိုအပ်နေပါသေးတယ်။ သူပြန်ကောင်းလာခဲ့ပါပြီ။ ဗန်နစ္စတယ်ရွိုင်းက သူ့ကိုအများကြီးအကူအညီပေးခဲ့ပါတယ်။ သူကလည်း အခွင့်အရေးကို အမိအရအသုံးချနိုင်ခဲ့ပါတယ်။ အာမက်က ခံစစ်မှာရော တိုက်စစ်မှာပါ ပုံစံကောင်းကို ပြသနိုင်တဲ့ကစားသမားပါ။ ဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် ပွဲပြီးကာနီးမှာတော့ သူအတော်လေးပင်ပန်းနွမ်းနယ်နေပုံရလို့ ကျွန်တော်တို့ ဒါကို ဂရုစိုက်သွားရပါဦးမယ်။ ပြိုင်ဘက်ရဲ့ခံစစ်ကို ဖိအားပေးနိုင်တဲ့သူ့ရဲ့အရည်အချင်းကိုတော့ ကျွန်တော်ချီးကျူးပါတယ်။ သူက ဒီလိုပုံစံနဲ့ အန္တရာယ်များတဲ့ ကစားသမားတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာမက်အနေနဲ့ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်ကစားသွားဖွယ်ရှိပါတယ်။