The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုအတွက် ကွင်းအတွင်းမှာသက်သေပြနိုင်လို့ ပျော်ရွှင်ကျေနပ်နေတဲ့ လမိုင်းယာမယ်လ်

ဒီနေ့မနက်ပိုင်း၊ နေရှင်းလိဂ်ပွဲစဉ်မှာ စပိန်အသင်းက ပြင်သစ်အသင်းကို ၅-၄ ဂိုးဖြင့် အနိုင်ယူပြီး ပေါ်တူဂီအသင်းနဲ့ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်က စပိန်လူငယ်ကြယ်ပွင့်လမိုင်းယာမယ်လ်နဲ့ ပြင်သစ်စတားဒမ်ဘီလီတို့အကြား ဘော်လွန်းဒီအော်ဆုအတွက် တိုက်ပွဲတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် အဆုံးမှာတော့ လမိုင်းယာမယ်လ်က စပိန်အသင်းနိုင်ပွဲရရှိဖို့ နှစ်ဂိုးသွင်းယူပေးပြီး သူ့ရဲ့ထိပ်တန်းခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ပွဲစဉ်အပြီး ဘာစီလိုနာဆယ်ကျော်သက်ဆီ ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်လို့ သူ့အတွက် အခွင့်အလမ်းအကြောင်းမေးမြန်းရာ ကွင်းတွင်းမှာသက်သေပြရခြင်းကို ပိုနှစ်သက်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ယာမယ်လ်က “ ကျွန်တော့်အတွက် စိတ်ဓါတ်လှုံ့ဆော်ပေးနိုင်တဲ့အရာ၊ မိုးလင်းလိုက်တာနဲ့ ကျွန်တော့်ကို မောင်းနှင်ပေးနိုင်တဲ့အရာက ဘောလုံးကစားခြင်းသာဖြစ်တယ်လို့ ကျွန်တော့်ရဲ့အမေဆီ အမြဲတမ်းပြောပြဖြစ်ပါတယ်။

ကွင်းတွင်းမှာ သက်သေပြနိုင်ခြင်းကသာ အကောင်းဆုံးအရာဖြစ်ပါတယ်။ ဒမ်ဘီလီက ကစားသမားကောင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ပဲ ဗိုလ်လုပွဲဆီ တက်ရောက်သွားပါပြီ။ ပြင်သစ်ကလည်း အသင်းကောင်းတစ်ခုဖြစ်သလို ပြိုင်ဘက်ကို အပြည့်အဝဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ သူတို့တွေက အဆုံးသတ်ချိန်မတိုင်ခင်အထိ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ကစားသမားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနိုင်ပွဲအတွက် ကျွန်တော်တို့ အရမ်းပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာတော့ စပိန်အသင်းနဲ့အတူ ယာမယ်လ်က လာမယ့်တနင်္ဂနွေနေ့၊ ပေါ်တူဂီနဲ့ရင်ဆိုင်ရမယ့် ဗိုလ်လုပွဲမှာ ဆုဖလားကိုင်မြှောက်နိုင်မယ့်အခွင့်အလမ်းနဲ့အတူ နေးရှင်းလိဂ်လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်မှန်းနေပါလိမ့်မယ်။