The network connection is lost.

Banner Image

မက်ဆီကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကူညီရမယ်လို့ မာရှေးယာနို ပြောကြား

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက အသင်းအနေနဲ့ မက်ဆီကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကူညီပေးရမယ်လို့ ပြောကြားလိုက်ပါတယ်။ ကိုလံဘတ်စ်ခရူးအသင်းကို ၅-၁ နဲ့အနိုင်ရပြီးနောက် မာရှေးယာနိုက မက်ဆီ နဲ့ အသင်းဖော်တွေကို ချီးကျူးပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ မက်ဆီကိုဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ကူညီပေးနိုင်ဖို့ ကြိုးစားရပါမယ်။ ကစားသမားတွေကော အသင်းဝန်ထမ်းတွေကောပါ။ သူက ဒီအားကစားရဲ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ သူဘာလိုအပ်နေလဲဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထဲကတစ်ယောက်လောက် မလုပ်နိုင်တာတွေရှိလာနိုင်ပါတယ်။ အချိန်ပိုမှာလည်း အသင်းဖော်တစ်ဦးအနေနဲ့ကော နည်းပြတစ်ဦးအနေနဲ့ပါ သူကွင်းထဲမှာ အကောင်းဆုံးပုံစံရှိနေတာမျိုးပဲ လိုချင်ပါတယ်”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ အဆိုပါပွဲမှာ ၂ ဂိုးသွင်း ၊  ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး နောက်ထပ်ဂိုးတွေကို အလန်ဒီ ၊ ဆွာရက်ဇ် နဲ့ ဖာဖာတို့က သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအတွက်တော့ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာအနိုင်ရထားတာဖြစ်ပြီး အခုနိုင်ပွဲက ၂ ပွဲဆက်နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားမှာလည်း အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက Philadelphia Union အသင်းနဲ့ ၅ မှတ်ကွာဟနေပါတယ်။

မာရှေးယာနိုက နိုင်ငံတကာပွဲစဉ်တွေရှိနေတာကြောင့် အသင်းအနေနဲ့ မက်ဆီရဲ့အခြေအနေကို သေချာလေးအာရုံစိုက်ဖို့လည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့ကိုဦးတည်ပြီး တည်ဆောက်ချင်တာပါ။ ဒါဆိုသူတောက်ပလာနိုင်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားက အုပ်စုတစ်ခုတည်းတရားသေသတ်မှတ်တာပါ။ ပထမဆုံးပွဲက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အရှိန်ရဖို့ လိုအပ်တာကြောင့်ပါ။ကျွန်တော်တို့ ထိပ်တန်းအဆင့်ပြိုင်ပွဲမျိုးဆိုတာ သိပါတယ်။ အဲ့အတွက် ကွန်ကာကက်ဖ် နဲ့ မေဂျာလိဂ်မှာ အာရုံစိုက်ရပါမယ်”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ အမေရိကန်ဂိုးသမား ဝီလီယံကိုခေါ်ယူထားနိုင်ခဲ့ပြီး လာမယ့်ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် မက်ဆီလိုအပ်တာတွေကို ဖြည့်တင်းပေးဖို့ လုပ်ဆောင်နေပါတယ်။ အင်တာမိုင်ယာမီဟာ အုပ်စု (အေ) မှာ အယ်လ်-အက်လ် ၊ ပေါ်တို ၊ ပါးလ်မီးရက်စ်တို့နဲ့ ကျရောက်နေပါတယ်။ အခုချိန်မှာတော့ မေဂျာလိဂ်ဘက်ကို အာရုံစိုက်ရမှာဖြစ်ပြီး ၂ ပွဲဆက်နိုင်ပွဲဆက်နေတာကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်နေပါတယ်။

“ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ပွဲကိုပိုထိန်းချုပ်နိုင်ခဲ့သလို ပြိုင်ဘက်က ခက်ခဲတာကြောင့် ဖိအားပေးထားနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ကစားဟန်က ခင်ဗျားကိုအနိုင်ယူနိုင်ပါတယ်။ ကစားသမားတွေအတွက်တော့ ဂုဏ်ယူပါတယ်။အဆုံးသတ်မှာ သူတို့ ကျွန်တော့်မက်ဆေ့ချ်ကိုနားလည်တယ်လို့ ယူဆရပါတယ်။ အခုနိုင်ပွဲက တစ်သင်းလုံးနဲ့သက်ဆိုင်ပါတယ်”လို့ မာရှေးယာနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေကို စတင်ကန်ရမှာဖြစ်ပါတယ်။