The network connection is lost.

Banner Image

သူ့ကို ဝေဖန်သူများအား မိမိကိုယ်ကို ရှက်သင့်ဟု ဘေးလ် တုံ့ပြန်

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဘေးလ်က သူ့အပေါ် ဝေဖန်သူများအနေဖြင့် မိမိကိုယ်ကို အရှက်ရသင့်ပြီ ဖြစ်ကြောင်း သြစတြီးယားအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွင်း သွင်းဂိုး ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြပြီးနောက် တုံ့ပြန်ခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းက ဘေးလ်အား “ဝေးလ်ကပ်ပါးကောင်”အမည်ဖြင့် မက်ဒရစ်အခြေစိုက် Marca သတင်းဌာန၏ ခေါင်းကြီးပိုင်းတွင် ပြင်းပြင်းထန်ထန်ရေးသားဖော်ပြခဲ့ပြီးနောက် ဝေးလ်တောင်ပံကစားသမားက ယခုလိုတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော် သတင်းစကားတစ်ခုပေးဖို့ မလိုချင်ဘူး။ ဒါက အချိန်ဖြုန်းတာသက်သက်ပဲ။ ဒီဆောင်းပါးကတော့ မနှစ်မြို့စရာပဲ။ သူတို့ကိုသူတို့ ရှက်သင့်ပါတယ်”ဟု ဘေးလ်က တုံ့ပြန်သည်။

ယမန်နေ့ညတွင်ကစားခဲ့သော ကမ္ဘာ့ဖလားဝင်ခွင့်ခြေစစ်ပွဲတွင် ဝေးလ်အသင်းက အနိုင်ရရှိခဲ့ပြီးနောက် စကော့တလန်- ယူကရိန်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် နောက်ဆုံးအဆင့်ခြေစစ်ပွဲကို ထပ်မံယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် အနိုင်ရရှိသည့်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားသည် သြစတြီးယားနှင့်ပွဲစဉ်တွင် လက်ဖျားခါလောက်စရာ ဖရီးကစ်သွင်းဂိုးနှင့် ဒုတိယပိုင်းသွင်းဂိုးတို့ဖြင့် ဝေးအသင်းအား ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလား ဝင်ပြိုင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းပေးခဲ့သည်။

ဘေးလ်က “ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်နိုင်ဖို့အတွက် တစ်ပွဲပဲလိုတော့တာလား။ ဒါက သိပ်ကောင်းပါတယ်။ အလုပ်တစ်ဝက် ပြီးသွားတာပေါ့။ ဒီညမှာအောင်ပွဲခံနိုင်ဖို့ ငါမျှော်လင့်ထားတယ်။ စကော့တလန် သို့မဟုတ် ယူကရိန်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကောင်းတစ်ပွဲကလည်း စောင့်နေသေးတယ်”ဟု ပြောသည်။

Marca သတင်းဌာန၏ ခေါင်းကြီးပိုင်းတွင် “သူက စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာအခြေချနေထိုင်တယ်။ သူက ဟန်ဆောင်ခဲ့တယ်။ အရင်ကတော့ ကလပ်အသင်းအပေါ် ချစ်စိတ်နဲ့ ကြိုးစားကစားပေမယ့် နောက်ပိုင်းမှာ ဘာမှပေးဆပ်လိုမှုမရှိဆိုတဲ့ သူ့ရဲ့အကျင့်စရိုက်က သူ့ကိုလွှမ်းမိုးသွားတယ်”ဟု ဘေးလ်အပေါ် မနှစ်မြို့တွယ် ဝေဖန်ရေးသားခဲ့သည်။

ဘေးလ်သည် ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလကတည်းက ကြံ့ခိုင်မှုနှင့် ဒဏ်ရာပြဿနာများကြုံတွေ့ကာ ကလပ်အသင်းတွင် ပွဲထွက်ကစားနိုင်မှုနည်းပါးခဲ့ပြီး ယခုရာသီကုန်တွင် ရီးရဲလ်မက်စရစ်မှ ထွက်ခွာရန် ရေပန်းစားနေသည်။