
ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ချေနဲ့ပတ်သက်ပြီး ခန့်မှန်းပြောကြားလာတဲ့ ဂါရတ်ဘေးလ်
ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်ကြယ်ပွင့်ကစားသမားဟောင်း ဂါရတ်ဘေးလ်က လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ချေနဲ့ပတ်သက်ပြီး ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဥရောပချန်ပီယံ ပီအက်စ်ဂျီကို ၃ ဂိုးပြတ်သွင်းပြီး ချန်ပီယံဆုဖလားကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအတွက်ဂိုးတွေကို ကွင်းလယ်ကြယ်ပွင့် ကိုးလ်ပယ်လ်မာနဲ့ တိုက်စစ်မှူးသစ် ဂျာအိုပက်ဒရိုတို့က ပထမပိုင်းအတွင်းမှာပဲသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးရှိဘောလုံးပရိသတ်တွေအနေနဲ့ အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအနေနဲ့ ချဲလ်ဆီးကိုအနိုင်ရမယ်လို့ ထင်မှတ်ထားကြပေမယ့် ချဲလ်ဆီးက ခြေစွမ်းအသာနဲ့ကစားပြီး ဆုဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ အခုလို ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်ကြောင့် လာမယ့်နှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက်အထိ ပရိသတ်တွေက မျှော်လင့်လာခဲ့ကြပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ချေနဲ့ပတ်သက်ပြီး ဘေးလ်က "သူတို့ ပရီးမီးယားလိဂ်မှာဗိုလ်စွဲဖို့ သိပ်မလိုတော့ဘူးတော့ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့ ခရစ္စမတ်ကာလအတွင်း အတော်လေးအခြေအနေကောင်းခဲ့ပြီး ချန်ပီယံဖြစ်ဖို့အထိ မျှော်လင့်ချက်တွေရှိခဲ့ကြပါတယ်။ သူတို့က လူငယ်ကစားသမားတွေစုဖွဲ့ထားတဲ့အသင်းဖြစ်လို့ ပြီးခဲ့တဲ့ရာသီကကျရှုံးမှုမျိုးကို သင်ခန်းစာယူနိုင်မယ်လို့ထင်ပါတယ်"
"ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းခဲ့ပေမယ့် ချဲလ်ဆီးက ကွန်းဖရန့်လိဂ်မှာဗိုလ်စွဲခဲ့သလို၊ အခုလည်း ကလပ်ကမ္ဘာ့ဖလားကို ထပ်သိမ်းပိုက်သွားခဲ့ပါပြီ။ ဒါကြောင့် သူတို့ရဲ့ယုံကြည်မှုတွေပိုမိုမြင့်တက်လာနိုင်ပြီး လာမယ့်ရာသီမှာ ပိုကောင်းတဲ့အခြေအနေတစ်ရပ်ကိုဖန်တီးနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်လို့ အလားအလာရှိတဲ့အသင်းတစ်သင်းအဖြစ် ယူဆခံခဲ့ရပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ လီဗာပူးနဲ့ အာဆင်နယ်တို့က ပိုမိုတည်ငြိမ်တဲ့ခြေစွမ်းတွေပြသခဲ့သလို ချဲလ်ဆီးအနေနဲ့လည်း ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့ခဲ့ရတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားကို သိမ်းပိုက်ခဲ့ရုံမက ပြီးခဲ့တဲ့မေလမှာလည်း ကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးထားခဲ့တာကြောင့် ယုံကြည်ချက်မြင့်တက်နေမှာဖြစ်ပြီး နောက်ရာသီ ပရီးမီးယားလိဂ်မှာ ပိုမိုကောင်းမွန်တဲ့ရလဒ်မျိုးဖန်တီးသွားနိုင်ဖွယ်ရှိနေပါတယ်။