The network connection is lost.

Banner Image

မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းလာတဲ့ ယူနိုက်တက်ကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာဟာ အသင်းရဲ့ဂိုးသမား အမ်မီလီယာနိုမာတီနက်ဇ်ကို ခေါ်ယူဖို့ အငှားစာချုပ်နဲ့ကမ်းလှမ်းလာခဲ့တဲ့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းပဲ ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာ ဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူပြီး အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အိုနာနာဟာ တံကောက်ကြောစုတ်ပြဲဒဏ်ရာကြောင့် လာမယ့်ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ 

ဒါကြောင့် ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အက်စတွန်ဗီလာဘက်က ချက်ချင်းပဲပယ်ချခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေအရ မာတီနက်ဇ်အနေနဲ့ ယခုနွေရာသီမှာပဲ အသင်းကနေ ရောင်းထုတ်ခံရနိုင်တယ်လို့သိရပြီး အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားကို ယူနိုက်တက်အပါအဝင် ဥရောပထိပ်သီးကလပ်တွေက စောင့်ကြည့်နေကြပါတယ်။ 

ယူနိုက်တက်ဟာ မာတီနက်ဇ်ကိုခေါ်ယူဖို့ ကာလရှည်ချိတ်ဆက်နေခဲ့ပေမယ့် အက်စတွန်ဗီလာက ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ အထိ အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ သတင်းတွေအရ မာတီနက်ဇ်ဟာ ယခုနွေရာသီအတွင်း ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ဖို့ အလားအလာရှိနေတယ်လို့လည်းသိရပါတယ်။ 

မာတီနက်ဇ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က အာဆင်နယ်မှ အက်စတွန်ဗီလာသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ပြောင်းရွှေ့ခဲ့ပြီး ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ် တဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။ အက်စတွန်ဗီလာမှာသာ မာတီနက်ဇ်ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ဂိုးသမားအဖြစ်လည်း တောက်ပလာခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 

၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ မာတီနက်ဇ်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကပေးအပ်တဲ့ အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကိုခေါ်ယူနိုင်ခြင်းမရှိပါက အန့်ထွက်ပ်ဂိုးသမား ဆန်နီလမ်မန်စ်ကို ဒုတိယဦးစားပေးပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင်ယူနိုက်တက်ဟာ ပေါ်တိုဂိုးသမား ဒီယေဂိုကော်စတာနဲ့ လိုင်လီဂိုးသမား လူးကပ်စ်ချီဗလီယာတို့ကိုလည်း စောင့်ကြည့်နေပါတယ်။