အာဆင်နယ်သို့ မပြောင်းခင် ကာလာဖီအိုရီက သူ့ကိုဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ကစားသမားသစ် ကာလာဖီအိုရီ အသင်းသို့မရောက်ခင် သူ့ကို ဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အာတီတာက လွန်ခဲ့တဲ့အပတ်က ကာလာဖီအိုရီဟာ သူ့ကို “ကျွန်တော်အထုတ်ပြင်ပြီးပြီ။ အာဆင်နယ်ကို လာချင်နေပြီ”လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ ယခုအခါမှာတော့ အီတလီလက်ရွေးစင်နောက်ခံလူဟာ ဗုဒ္ဓဟူးနေ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ခြေစမ်းပွဲစဉ်မှာ အာဆင်နယ်အတွက် စတင်ပါဝင်သွားဖွယ်ရှိနေပါတယ်။
အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ ဘိုလော့ဂ်နာမှ ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ အာဆင်နယ်သို့ ရောက်ရှိလာခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုကာ တနင်္လာနေ့က အသင်းဖော်တွေနဲ့ စတင်ပူးပေါင်းခဲ့ပါတယ်။
အာတီတာက “ကျွန်တော်သူနဲ့ ၁ ကြိမ် ၂ ကြိမ်လောက်စကားပြောဖြစ်ခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ပါ့မလား မသေချာဘူးလို့ အသိပေးခဲ့ပါတယ်။ သူကတော့ “အဆင်သင့်ဖြစ်မယ့်အချိန်ကိုသာပြောပါ။ ကျွန်တော်အထုတ်ပြင်ပြီးပြီ။ အာဆင်နယ်ကို လာချင်နေပြီ” လို့ပြောပါတယ်။ ဒီလိုစိတ်အားထက်သန်မှုမျိုးနဲ့ အသင်းကိုပိုကောင်းအောင်လုပ်ပေးနိုင်တဲ့ ကစားသမားက ဒီလိုပြောတော့ ကျွန်တော်တို့အတွက် အရမ်းအင်အားဖြစ်စေပါတယ်။ အသင်းအနေနဲ့လည်း ဒါကိုဂုဏ်ယူသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ လီဗာပူးနဲ့ပွဲစဉ်မှာ ကာလာဖီအိုရီကို စတင်အသုံးပြုသွားမလားလို့ မေးမြန်းခဲ့ရာ အာတီတာက “ကျွန်တော်မသိသေးပါဘူး။ သူလေယာဉ်အကြာကြီးစီးလာရပြီး ဆေးစစ်မှုလည်းခံယူထားရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်းမှာ သူအရမ်းအလုပ်ရှုပ်နေပါတယ်။ ကျွန်တော်တို့အသင်းနဲ့ ဘာမှမလုပ်နိုင်သေးပါဘူး။ ကစားဖို့အဆင်သင့်ဖြစ်နေရင်တော့ ကောင်းမှာပေါ့။ မိနစ်အနည်းငယ်လောက် ကစားခွင့်ရနိုင်ပါတယ်။ အဆင်သင့်မဖြစ်ရင်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့သူ့ကို တွန်းအားပေးသွားမှာမဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီတလီသားအနေနဲ့ အသင်းအတွက် ဘာတွေလုပ်ပေးနိုင်မလဲလို့ မေးမြန်းခဲ့ရာ အာတီတာက “သူက ကျွန်တော်တို့ ၁ နှစ်လောက် ပစ်မှတ်ထားနေခဲ့တဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ နောက်တန်းမှာ ကစားသမားအလုံအလောက်မရှိခဲ့ပါဘူး။ နောက်တန်းမှာ လိုအပ်ချက်တွေအများကြီး ရှိခဲ့ပါတယ်။ ဆာလီဘာဆိုရင် ပြီးခဲ့တဲ့ရာသီက ပွဲတွေအများကြီးကစားခဲ့ရလို့ ဒီနှစ်မှာတော့ သူ့ရဲ့ကြံ့ခိုင်ရေးကို အကာအကွယ်ပေးနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့က ကာလာဖီအိုရီကို ထိပ်တန်းကစားသမားတစ်ဦးအဖြစ်သတ်မှတ်ထားပြီး အသင်းကိုပိုကောင်းလာစေမယ့် အရည်အသွေးတွေရှိတယ်လို့ထင်ပါတယ်။ သူက အလားအလာအများကြီးရှိတဲ့ ကစားသမားပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။