တူချယ်ရဲ့ ချဲလ်ဆီးအသင်းမှာ ရီစီဂျိမ်းစ် ဘယ်လို ခြေစွမ်းပြကစားနေသလဲ??
နောက်ခံလူ ရီစီဂျိမ်းစ်ဟာ တူချယ်လက်အောက် ဒီနှစ်မှာ ခြေစွမ်းပြဂိုးတွေသွင်းယူနေပြီး ပြီးခဲ့တဲ့ ဂျူဗင်တပ်စ်ကို ၄ဂိုးပြတ် နိုင်တဲ့ ပွဲမှာလည်း ယခုနှစ်အတွင်း ၅ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ ယနေ့ညမှာလည်း မန်ချက်စတာယူနိုက်တက်ကို ဧည်ခံကစားရာတွင် ဂျိမ်းစ်တစ်ယောက် ချဲလ်ဆီးအသင်းမှာ ဘယ်လို ပါဝင်ကစားသွားမလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အသက်၂၁နှစ်သားဟာ ပြေးနူန်းအားကောင်းသလို ညာခြမ်းမှာ ပေါက်ကွဲအားကောင်းကောင်းနဲ့ကန်ချက်တွေက ပြိုင်ဘက်ခံစစ်သမားနှင့် ဂိုးသမားတွေကို တားဆီးရ ခက်စေပါတယ်။ အင်္ဂလန်သားဂျိမ်းစ်ဟာ သွင်းဂိုး၅ဂိုးအပြင် ဂိုးဖန်တီးမှု ၅ဂိုးပါ ပါဝင်ထားပြီး တခြားသော ချဲလ်ဆီးကစားသမားတွေထက်စာရင် အချက်အလက်အရ အကောင်းဆုံးကစားသမား ဖြစ်နေသည်။ သူဟာ မိနစ်၁၀၀တိုင်းမှာ အသင်းအတွက် တစ်ဂိုး ဒါမှမဟုတ် တစ်ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။
ဂျူဗင်တပ်စ်နဲ့ပွဲက ရီစီဂျိမ်းစ်ရဲ့ နောက်ဆုံးခြေစွမ်းကို ကြည့်ရင် ကန်ချက်ပြင်းပြင်းနဲ့အဆုံးသတ်နိုင်ရုံမက အိုဒွိုင်းရဲ့ တတိယဂိုးမှာလည်း သူရဲ့ ဘောလုံးအထိန်းအသိမ်းကောင်းမွန်မှုကို တွေ့ရပါတယ်။ စတုတ္ထဂိုး ဝါနာသွင်းယူရာမှာလည်း သူရဲ့ ကြံခိုင်မှုအားကောင်းမှုကို တွေ့မြင်ရပြီး ဘယ်ခြမ်းမှာ ရှိနေတဲ့ ဇီယက်ချ်ကို လှလှပပ ပေးခဲ့တာဖြစ်ပါတယ်။ ကြံခိုင်မှုအားကောင်းမှု၊ နည်းစနစ်ပိုင်းကြွယ်ဝမှုတွေနဲ့ပေါင်းစပ်ကာ ချဲလ်ဆီးအသင်းမှာ ကြယ်တစ်ပွင့်အဖြစ် ရီစီဂျိမ်းစ် ထိုးထွက်လာပါတယ်။ ဒီလို ခြေစွမ်းပြလာနိုင်တာဟာ နည်းပြဟောင်း လမ်းပတ်ရဲ့ မြေတောင်မြှောက်ပေးမှုတွေ ပါဝင်ပြီး လူငယ်အကယ်ဒမီထွက်တွေကို အကောင်းဆုံးပုံဖော်ပေးခဲ့တဲ့အတွက် ချီးကျူးခံထိုက်ပါတယ်။
မူလက တူချယ်ဟာ အသင်းထံ ရောက်လာပြီးနောက် ချဲလ်ဆီးအသင်းမှာ ရီစီဂျိမ်းစ်ကို ပွဲတိုင်းအသုံးမပြုခဲ့ပါဘူး အချိန်တိုင်းမှာလည်း wingback နေရာထက် ကွင်းလယ်ညာခြမ်းမှာ ထားသုံးခဲ့တာဖြစ်ပါတယ်။ မနှစ်ကထက်ကို ရီစီဂျိမ်းစ်ဟာ ဒီနှစ်မှာ ပိုကောင်းလာတာ သေချာပါတယ်။ ပြိုင်ဘက်ဧရိယာအတွင်း ဘောလုံးထိချက်ဟာ မနှစ်က ၁.၉၄ကြိမ်သာ ရှိပြီး ဒီနှစ်မှာ ၄.၉၃ကြိမ်ရှိပါတယ်။ ဂိုးဖန်တီးမှုပိုင်းမှာလည်း မနှစ်က ၁.၆၀ကြိမ်၊ အခု ၂.၇၉ကြိမ် ရှိလာပါတယ်။ တူချယ်ဟာ ဂျိမ်းစ်ကို တိုက်စစ်ကိုသာ အဓိကလိုက်ပါကစားပေးဖို့အသုံးချခဲ့ပြီး ကစားသမားကလည်း အကောင်းဆုံး ပေးဆပ်ပြခဲ့ပါတယ်။
ဂျိမ်းစ်သာ တောင်ပံနေရာမှာ ရှိနေပြီး ဖြတ်တင်ဘောတွေကို ခွင့်ပြုထားမယ်ဆိုရင် သေချာပါတယ် သင်ဟာ ဂိုးပေးရဖို့များနေပါပြီ။ နောက်ဆုံး ဂျိမ်းစ်တစ်ယောက် အပြောင်းလဲကြီးတစ်ခု လုပ်နိုင်ခဲ့တာကတော့ သူကိုယ်တိုင် ညာခြမ်းစည်းအတွင်းမှာ ဂိုးတက်သွင်းနိုင်ခြင်းပင် ဖြစ်ပါတယ်။ တူချယ်ကိုယ်တိုင်လည်း wingback ကစားသမားတွေဟာ စည်းအတွင်း ဝင်ရောက်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ရမယ် အခွင့်အရေးတွေလည်း ဖန်တီးရမယ်လို့ ဖွင့်ဟထားပါတယ်။ဂျိမ်းစ်ရဲ့ သွင်းဂိုး ၄ဂိုးကိုကြည့်ရင် ညာခြမ်းစည်းအတွင်းထိပ်နားမှာ ထောင့်ဖြတ်အပြင်း ကန်သွင်းယူခဲ့တာတွေချည်း ဖြစ်ပါတယ်။
ဂိုးဖန်တီးမှုပိုင်းမှာလည်း သူဟာ ဘယ်ခြမ်းရော ညာခြမ်းပါ ဖြတ်တင်ဘောနှင့် အနိမ့်ဘောပေးတာတွေ သိပ်ကောင်းပြီး အများစုကို ဂိုးအတွင်း အလယ်ဗဟိုနားထံ ထောင့်ဖြတ်ဘော ပေးပို့တာ တွေ့ရပါတယ်။ သူရဲ့ ကန်သွင်းချက်တိကျမှုဟာလည်း မနှစ်ကထက် စာရင် အပုံကြီး တိုးတက်လာပြီး မနှစ်က ၅၀%သာ ရှိရာ ဒီနှစ်မှာ ၈၃%အထိ ရှိပါတယ်။ပရီးမီးယားလိဂ်မှာလည်း ကန်သွင်းချက် ၁၀ကြိမ်ခန့်အနည်းဆုံးရှိပြီး ချဲလ်ဆီးရဲ့ မည့်သည်ကစားသမားထက်မဆို ပိုများနေပါတယ်။ ပြိုင်ပွဲစုံ မိနစ်၁၀၀၀အောက် ဂျိမ်းစ်ကစားထားပြီး နေရာလွတ်တွေကို ရှာဖွေကစားရာမှာလည်း ကျွမ်းကျင်မှု ရှိပါတယ်။
သူရဲ့ နေရာလွတ်ရှာဖွေမှုနှင့် အကင်းပါးတဲ့ ချိန်သားကိုက်ပြေးလွှားမှုတွေက ကန်ချက်တွေ ရရှိလာတဲ့ တဆင့်ခံ အကြောင်းရင်းတွေဘဲ ဖြစ်ပါတယ်။ ချီဝဲလ်ကဲ့သို့ဂျိမ်းစ်ဟာ ပြိုင်ဘက်ဧရိယာအတွင်းမှာ ဘယ်လိုနေရာယူရမလဲဆိုတာ ပါးရည်နပ်ရည်ရှိပြီး halfspace (တောင်ပံနှင့် ကွင်းလယ်ဗဟိုကြားနေရာ) အားသာချက်ကို ဘယ်လိုကောင်းစွာ အသုံးရမလဲ နားလည်သူဖြစ်ပါတယ်။ တောင်ပံတိုက်စစ်အသွင်နဲ့ ဧရိယာအတွင်းထဲ ဝင်ရောက်ထိုးဖောက်တာတွေက ဂျိမ်းစ်ကို ပြိုင်ဘက်က တားဆီးရခက်စေပါတယ်။
ဘယ်ခြမ်းမှာ ချီဝဲလ်ဒဏ်ရာရကာ မကစားနိုင်သော်လည်း ညာတောင်ပံခြမ်းကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာလည်း ဂျိမ်းစ်တစ်ယောက် သူ့တာဝန် သူကျေပွန်စွာ ဆက်လက်ကစားဖို့ရှိပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်ရဲ့ အားနည်းတဲ့ ဘယ်ခြမ်းမှာ ဂျိမ်းစ်တစ်ယောက် ခြေစွမ်းပြနိုင်မလား ကြည့်ရဖို့ရှိပါတယ်။ယူနိုက်တက်ဘယ်ခြမ်းဟာ အမှားအယွင်းအများဆုံးဖြစ်ပြီး ၁၁ဂိုးအထိ ပေးထားရတဲ့ ခံစစ်တွင် ၅ဂိုးက ဘယ်ခြမ်းကနေ ပေါက်ထွက်ခဲ့တာ ဖြစ်ပါတယ်။အလားတူ အာရုံစူးစိုက်မှု လျော့နည်းမှုကြောင့်လည်း ဂိုးပေးလိုက်ရတာတွေ ရှိခဲ့ပါတယ်။
ယူနိုက်တက်နောက်တန်းမှာ အသင်းခေါင်းဆောင် မက်ဂွါယီ ပွဲပယ်ကြောင့် ပါဝင်လာဖို့မရှိချိန်တွင် ဘယ်ခြမ်းမှာ လုရှော်အကောင်းဆုံး ကစားနိုင်ဖို့ခဲယဉ်းနိုင်ပါတယ်။သေချာတာကတော့ တောင်ပံအခြမ်းမှာ ပေါက်ကွဲအားအကောင်းဆုံး ကစားနိုင်တဲ့သူကိုပြပါဆိုရင် လက်ရှိမှာ ရီစီဂျိမ်းစ်ကို လက်ညှိးညွန်ရမှာပါ၊ လက်စတာ၊ဂျူဗင်တပ်စ်ခံစစ်တွေကတော့ ပြိုလဲသွားခဲ့ပါပြီ၊ ယူနိုက်တက်အသင်းလည်း ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရဖို့ရှိပါတယ်။